နွားမွေးမြူရေးအနေဖြင့် နွားမျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မေထုန်မဲ့သားစပ်လုပ်ငန်းဖြင့် တစ်နှစ်တာကာလအတွင်း ခိုင်းနွား (၁၅၂၅၂)ကောင်၊ နို့စားနွား(၂၃၉၅)ကောင်၊ အသားစားနွား (၁၄၇၂)ကောင်၊ စုစုပေါင်း (၁၉၁၁၉) ကောင်ကို မေထုန်မဲ့နည်းဖြင့် သားစပ်ပေးနိုင်ခဲ့ပြီး သားကောင်ပေါက်ရေ (၁၀၇၅၅) ကောင်ရှိကြောင်း သိရပါသည်။
ခိုင်းကျွဲ၊ နွားကောင်းများ မွေးမြူခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ သယ်ယူပို့ဆောင်ရေးတွင် တောင်သူဦးကြီးများအတွက် အထောက်အကူများစွာဖြစ်ပြီး နို့စားနွားများအနေဖြင့် စားသုံးသူပြည်သူများအတွက် အာဟာရဖြည့်စွက်စာအဖြစ် နို့မှုန့်၊ နို့ဆီ ၊ ထောပတ်၊ ဒိန်ချဉ်လုပ်ငန်းနှင့် နို့စိမ်းလုပ်ငန်းများသို့ တင်ပို့ရောင်းချနိုင်ပြီး အသားစားနွားများအနေဖြင့် ပြည်တွင်းအသားစားသုံးမှု ဖူလုံစေရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရန်ရည်ရွယ်၍ မွေးမြူလျက်ရှိကြောင်း သိရှိရပါသည်။
ခြံလှောင်စနစ်ဖြင့် နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တိရိစ္ဆာန်အစာပင်ဖြစ်သော နေဗီယာမြက်စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ရုံးများတွင် စံပြစိုက်ကွက်များအဖြစ် (၂၉) ဧက၊ ပုဂ္ဂလိကစိုက်ပျိုးထားရှိမှု (၁၁၁ ဒဿမ ၇၁)ဧက၊ အခြားဌာန တပ်ရင်းတပ်ဖွဲ့များအနေဖြင့် (၁၇)ဧက၊ စုစုပေါင်း စိုက်ပျိုးထားရှိမှု (၁၅၇ ဒဿမ ၇၁)ဧက ရှိကြောင်းသိရှိရပါသည်။ စီးပွားဖြစ် နွားမွေးမြူသူများအနေဖြင့် တိရိစ္ဆာန်အစာပင် နေဗီယာမြက်များကို ကိုယ်တိုင်စိုက်ပျိုးကြောင်းသိရှိရပြီး ဖြည့်စွက်စာအဖြစ် ပြောင်းဖူးဆံ၊ ဝါကြိတ်ဖတ်တို့ကိုရော၍ ကျွေးမွေးကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)