နဂါးမောက်သီးများကို ပုပ္ပားကျေးရွာ၊ တောင်ကလပ်ကျေးရွာ၊ နတ်ကန်လည်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ပုပ္ပားဒေသထွက် နဂါးမောက်သီးပင်သည် အရည်အသွေးကောင်းမွန်သော်လည်း နဂါးမောက်သီး ခြံတိုင်းလှိုင်လှိုင်ထွက်ရှိချိန်တွင် ဈေးနှုန်းကျဆင်းသွားလေ့ရှိကြောင်း သိရှိရပါသည်။
နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးနှစ်မျိုးရှိပြီး နဂါးမောက်သီးများမှာ ကဆုန်လတွင် စတင်ဖူးပွင့်ကာ နယုန်လတွင် အသီးမှည့်၍ စတင်ရောင်းချရကြောင်း သိရှိရပါသည်။ နဂါးမောက်သီးမှာ တစ်နှစ်တွင် (၄)ကြိမ်အထိ အသီးရရှိကြောင်း သိရှိရပါသည်။ နဂါးမောက်ပင်များသည့် (၁)ဧကလျှင် အပင်(၂၀၀)ကျော် စိုက်ပျိုးနိုင်ပြီး (၂)နှစ်သားမှစ၍ အသီးများစတင်ရရှိပြီး တစ်ဧကလျှင်(၁၀၀) ကီလိုကျော်အထိ ရရှိကြောင်း သိရှိရပါသည်။
နဂါးမောက်သီးခြံများမှ တိုက်ရိုက်ဝယ်ယူသည့် ခြံဈေးအနေဖြင့် တစ်ကီလိုလျှင် (၁၃၀၀) ကျပ် ၊ (၈၀၀)ကျပ် ၊ (၃၀၀)ကျပ် ၊ အလုံးအရွယ်အစားလိုက် ဈေးအမျိုးအမျိုးရှိပြီး နေပြည်တော်၊ မန္တလေး၊ ရန်ကုန်များသို့ တင်ပို့လျှက်ရှိကြောင်းနဂါးမောက်သီးစိုက်ပျိုးသည့် တောင်သူထံမှ သိရှိရပါသည်။ ပဲခူးမြို့ ဈေးကွက်တွင် နဂါးမောက်သီး တစ်လုံးလျှင် ၁၅၀၀-၁၃၀၀-၁၀၀၀ ကျပ်ဖြင့် အသီးအရွယ်အစားပေါ် မူတည်၍ အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
နဂါးမောက်သီးသည် နာတာရှည်ရောဂါ ခံစားနေရသူများ၊ အသားအရေ စိုပြည်လှပလိုသူများ၊ နှလုံးသွေးတိုး ဆီးချိုရောဂါနဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာရှိသူများ ရွေးချယ်စားသုံးသင့်သော အသီးအနှံတစ်မျိုးဖြစ်၍ နဂါးမောက်သီးသည် လူကြိုက်များပြီး ဈေးနှုန်းဈေးကွက် ကောင်းမွန်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)