Main menu

ပဲခူးမြို့နယ်တွင် ခရမ်းသီးနှံစိုက်တောင်သူများအောင်မြင်ဖြစ်ထွန်း၍ အပိုဝင်ငွေများရရှိ

Powered by Drupal

   ပဲခူးခရိုင် ၊ ပဲခူးမြို့နယ်အတွင်းရှိ ‌တောင်သူလယ်သမားများအနေဖြင့် မိုးစပါးအပြင် အခြားသီးနှံများ စိုက်ပျိုးလျက်ရှိရာ ပဲခူးမြို့နယ် ၊ မုန်တိုင်းကျေးရွာတွင် ခရမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ဆွတ်ခူး‌ရောင်းချနေရသဖြင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

    အဆိုပါ  ခရမ်းသီးနှံကို  တစ်ဧကလျှင် မျိုးစေ့ (၃၀၀) ဂရမ်နှုန်းဖြင့် ပျိုးနိုင်ခြင်း၊ တစ်ပင်နှင့် တစ်ပင်    ငါးပေခြား  စိုက်ပျိုး၍   ရေသွင်းရေထုတ်လွယ်ကူစေရန် မြေဘောင်များ  ပြုလုပ်ပေးရပါသည်။ အပင်ငယ်ချိန်တွင် မြေ ပေါင်းသင်ပေးကာ  တစ်လတစ်ကြိမ် အပင်ခြေများတွင်  မြေသြဇာ အနည်းငယ်မျှ ထည့်ရပြီး လိုအပ်ပါက  အပင်အားဖြည့်ဆေးနှင့် ပိုးသတ်ဆေး  ဖြန်းပေးရပါသည်။ စတင်စိုက်ပျိုးသည့် အချိန်မှစ၍ ခူးဆွတ်နိုင်သည့်ကာလမှာ အချိန် (၃)လ ခန့်ကြာမြင့်ပြီး  ဆွတ်ခူး ရောင်းချသည့်အခါ   ရက်ခြားခူး၍   ရောင်းရသကဲ့သို့  နေ့စဉ်ဆွတ်ခူး၍ လည်းရောင်းချရကြောင်း သိရှိရပါသည်။  ရင်းနှီးမြှုပ်နှံရသည့် (မျိုးစေ့၊ ပိုးသတ်ဆေး၊ အလုပ်သမား ငှားရမ်းခနှင့် ဓာတ်မြေသြဇာ) စသည့်ကုန်ကျစရိတ်များမှာ စုစုပေါင်း ကျပ် နှစ်သိန်း ဝန်းကျင်ခန့်ရှိပြီး ရောင်းစျေးအနေဖြင့်  ဖောက်သည်စျေး  ၁ပိဿာ ကျပ် ၁၈၀၀  မှ ၂၀၀၀ အထိ ရောင်းချ ရသည့်အတွက် နေ့စဉ် အပိုဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)