Main menu

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် မင်းဂွတ်သီးများ ဈေးကောင်းရနေ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ မြောင်းဦးကျေးရွာမှ ထွက်ရှိသည့် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရနေကြောင်း မင်းဂွတ်သီး စိုက်ပျိုးသူများ၏ပြောဆိုချက်အရ  သိရပါသည်။ ပဲခူးမြို့ သီးနှံဈေးကွက်တွင် လတ်တလောတွင် မင်းဂွတ်သီး အကြီးတစ်လုံးလျှင် ငွေကျပ် ၂၀၀ နှင့် အသေးတစ်လုံးလျှင် ငွေကျပ် ၁၅၀ အထိ ဈေးနှုန်း ဖြစ်ပေါ်နေကာ  အလုံးရေ ၂၀၀ပါ ခြင်းတစ်ခြင်းလျှင် ငွေကျပ်  ၄၀၀၀၀ နှင့်  ၃၀၀၀၀  စသည်ဖြင့်  ဈေးနှုန်းအသီးသီးရှိကြောင်း သိရပါသည်။

   မင်းဂွတ်သီးသည် နိုဝင်ဘာလမှစ၍ အဖူးဖူးလေ့ရှိပြီး ခြောက်လခန့်အကြာတွင် ဆွတ်ခူးနိုင်ကြောင်း သိရပါသည်။ ခူးဆွတ်သည့်အခါတွင် ရောင်းတန်းဝင်စေရန် အညိုရောင်သန်းမှ အသီးများခူးပါက ပို၍ဈေးရကြောင်း သိရှိရပါသည်။ မင်းဂွတ်သီးသည် ရောဂါဒဏ်လည်း ခံနိုင်ကာ ရေမှန်မှန် ပေးရကြောင်း သိရှိရပါသည်။  မင်းဂွတ်ပင်တွင် သီးပုပ်နှင့် သီးခွံမာ ရောဂါသာရှိပြီး  ဒူးရင်းသီးကဲ့သို့  ပိုးကျရောက်မှုမရှိကြောင်း၊ သက်တမ်းအားဖြင့် ၁၀ နှစ်ဝန်းကျင်တွင် စတင်ဆွတ်ခူးနိုင်ပြီး သက်တမ်း  နှစ် ၄၀  မှ ၅၀ ခန့်အထိ ဆွတ်ခူးနိုင်ကြောင်း သိရပါသည်။

  ယခုလို ဒူးရင်းသီးပေါ်ချိန်တွင် မြန်မာနိုင်ငံရှိ လူအများစုသည် ဒူးရင်းသီးကို စားသုံးကြပြီးနောက် မင်းဂွတ်သီးကို စားသုံးလေ့ရှိကြသည်။ ဒူးရင်းသီး၏ သဘာဝမှာ အပူများ၍ မင်းဂွတ်သီးတွင် အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေးမျှတအောင် စားသုံးသင့်ကြောင်း သိရှိရပါသည်။ မင်းဂွတ်သီးကို ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ စိုက်ပျိုးလေ့ရှိပြီး ဈေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)