ပဲခူးမြို့၊ တောင်သူစုကျေးရွာတွင် တောင်ကြီးပဲပွကြော်၊ စားတော်ပဲကြော်၊ ပဲလွန်းကြော်၊ နှစ်ပြန်ကြော်လုပ်ငန်းများဖြင့် အကြော်စုံလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
အကြော်စုံလုပ်ငန်းမှ တောင်ကြီးပဲပွဲကြော်ကို တစ်မျိုးအားဖြင့် တရုတ်ပဲကြီးကြော်(သို့) ဒိုကြီးကြော်ဟုခေါ်ကြောင်း သိရှိရပါသည်။ တောင်ကြီးပဲနှင့် ပဲလွန်းများကို မန္တလေးတိုင်းဒေသကြီးမှ ပိဿာချိန် (၅၀) လျှင် (၃)သိန်းကျပ်ခန့်ဖြင့် ဝယ်ယူရကြောင်း သိရပါသည်။
ဝယ်ယူရရှိသော ပဲများကို သန့်စင်ပြီး စဉ့်အိုးများဖြင့် (၂၄)နာရီကြာရေစိမ်၍ ကြော်လှော်ခြင်း လုပ်ငန်းများကို အလျား(၄)ပေ၊ အနံ(၃)ပေရှိ ဆီဘွိုင်လာအိုးဖြင့်ကြော်ပြီး ပဲများကို အရသာ ရောယှက်ကာ Mixer ဖြင့် ရောသမမွှေ၍ လေလုံခံသည့် ပလတ်စတစ်အိတ်များဖြင့် ထည့်၍ ပီနံအိတ်များဖြင့် ထုပ်ပိုးသည်ဟု သိရှိရပါသည်။
တောင်ကြီးပဲပွကြော်နှင့် စားတော်ပဲကြော်များကို ရန်ကုန်မြို့ရှိ ကျားကမ္ဘာပွဲရုံ၊ ဘုရင်နောင်ပွဲရုံ၊ ကျောက်ဆူးပွဲရုံများသို့ (၁)ပိဿာလျှင် (၆၀၀၀)ကျပ်နှုန်းဖြင့် တင်ပို့ရောင်းချပြီး ပဲခူးမြို့တွင်းနှင့် အနီးရှိမြို့ရွာများသို့ တောင်ကြီးပဲပွကြော်(၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ စားတော်ပဲကြော်(၁)ပိဿာလျှင် (၅၅၀၀) ကျပ်၊ ပဲလွန်းကြော်(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် နှစ်ပြန်ကြော် (၁)ပိဿာလျှင်(၉၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
ပဲခူးမြို့နယ် ၊တောင်သူစုကျေးရွာရှိ အကြော်စုံလုပ်ငန်းများသည် လွန်ခဲ့သော (၁၅)နှစ်ခန့်က စတင်လုပ်ကိုင်ခဲ့သော လုပ်ငန်းဖြစ်ကာ လုပ်သားအင်အား(၇)ဦးဖြင့် တစ်ပိုင်တစ်နိုင်မိသားစု အိမ်တွင်းမှု စီးပွားရေး လုပ်ငန်းအဖြစ် အကျိုးအမြတ်ရရှိနေကြောင်း သိရှိရသည်။
DOCA(ပဲခူး)