Main menu

ဖြူးမြို့နယ်၊ ညောင်းကားယားကျေးရွာ၏ ဝါးခမောက်လုပ်ငန်း

Powered by Drupal

   တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာရှိ ဝါးခမောက်လုပ်ငန်းသည် ဈေးကွက်ရရှိထားသောလုပ်ငန်းဖြစ်ပါသည်။ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူများမှာ တောင်သူလယ်သမားမိသားစုများဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်ကျော်လွန်၍ အားလပ်သည့်ကာလတွင် မိသားစုအပိုဝင်ငွေရရှိစေရန် လုပ်ကိုင်ကြခြင်းဖြစ်ပါသည်။

    ဝါးခမောက်ပြုလုပ်ရာတွင် ဝါး၊ ဝါးဖတ်၊ အပ်၊ အပ်ချည်၊ ပျားဖယောင်းနှင့် လက်ပံဆူးတို့လိုအပ်ပါသည်။ နွေရာသီတွင် ဝါးများကို အနောက်ရိုးမတောင်ပေါ်တွင် သွားရောက်၍ခုတ်ယူပါသည်။ ဝါးဖတ်ကို တောင်ငူမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့တို့မှ မှာယူရပါသည်။  ဝါးဘိုး၊ ဝါးဖတ်ကိုသာအသုံးပြုရပါသည်။ ဝါးဖတ် ၅၀၀ကို အထုံးတစ်ထုံးစည်းထားပါသည်။ ၎င်းဝါးဖတ်တစ်ထုံးလျှင် ခမောက်အလုံး ၈၀မှ ၁၀၀အထိရရှိပါသည်။

   ဝါးခမောက်ပြုလုပ်သည့်အခါတွင် ရှေးဦးစွာ ဝါးများကိုအခြမ်းများခွဲစိတ်ပြီးနောက် အုန်းပင်မှဖြတ်ထားသည့်အတုံးကို အပေါက်ဖောက်ပြီးလျှင် ထိုအပေါက်ထဲသို့ ဝါးခြမ်းစိတ်၏ထိပ်တစ်ဖက်ကိုထည့်ပြီး ဝါးကိုအဝိုင်းပုံစံဖြစ်အောင် နှီးဖြင့်ချည်ရပါသည်။ ထိုအခွေများကို ၁၀ခွေပူး၍ချည်ရပါသည်။ ထို ၁၀ခွေအပူးကို တစ်ထိုင်ဟုခေါ်ပါသည်။

    ထိုအထိုင်များကို ရေထဲတွင် အနည်းဆုံး တစ်လခန့်စိမ်ရပါသည်။  တစ်လပြည့်လျှင် ရေထဲမှဆယ်ယူပြီး နေပူထဲတွင် လုံးဝခြောက်သည်အထိလှမ်းရပါသည်။ ထိုဝါးခွေများခြောက်ရန် ရက်သတ္တပတ် နှစ်ပတ်ခန့်ကြာမြင့်ပါသည်။ ထို့နောက် ခမောက်ပြုလုပ်ရာတွင် အသုံးပြုမည့်ဝါးစိတ်များအား အကြီး/အသေး/အတို/အရှည်တို့ကို လိုအပ်သလို ဓားဖြင့်အချောကိုင်ပေးရပါသည်။

    ဝါးဖတ်ကိုအသုံးပြုရန်အတွက် ဝါးဖတ်တွင်ကပ်နေသောအမွေးအမျှင်များကို အဝတ်ဖြင့် ပြောင်စင်အောင်ပွတ်တိုက်ပေးရပါသည်။ ထို့နောက် ပုံစံချထားသောအရွက်အား ဝါးဖတ်များပေါ်တွင်ချပြီး ပုံစံကျအောင်ညှပ်ရပါသည်။ ပုံစံကျအောင် ညှပ်ထားသောဝါးဖတ်များကို အပ်ချည်ဖြင့်ပူးချုပ်ရပါသည်။ အပ်ချည်ကို ပျားဖယောင်းဖြင့်တိုက်ပြီးမှ အသုံးပြုရပါသည်။ အပ်ချည်ကို ပျားဖယောင်းနှင့်တိုက်ခြင်းမှာ ဆွဲအားကောင်းပြီး ချည်မပြတ်စေရန်နှင့် အနားမဖွာစေဘဲ ကျစ်လျစ်သော အပ်ချည်သားဖြစ်စေရန်အတွက်ဖြစ်ပါသည်။

    ထို့နောက် ဝါးအချောသပ်ပြီးသားနှင့် ဝါးဖတ်ကိုတွဲချုပ်ပြီး အချောကိုင်ရပါသည်။ ပြီးလျှင် ခမောက်၏အပေါ်ထိပ်တွင် လက်ပံဆူးကိုတပ်ဆင်ပေးရပါသည်။ လက်ပံဆူးကို လိုအပ်သည့်ပုံစံရအောင် အချောကိုင်ပေးရပါသည်။ ခမောက်ကိုအလှဆင်ပြီးလျှင် ကောင်းမွန်လှပသော ခမောက်တစ်လုံးကိုရရှိပြီဖြစ်ပါသည်။

    ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာထွက် ဝါးခမောက်တစ်လုံးလျှင် ၁၅၀၀ကျပ်ဖြင့် ဖြူးမြို့နယ်ရှိ ခမောက်အရောင်းဆိုင်များအပြင် တောင်ဘက်တွင် ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦးနှင့် ပဲခူးမြို့နယ်များ၊ မြောက်ဘက်တွင် အုတ်တွင်းနှင့် တောင်ငူမြို့နယ်များအထိပို့ဆောင်ရောင်းချပေးရပါသည်။

    ဝါးခမောက်များကို လယ်ယာလုပ်ငန်းခွင်တွင်လုပ်ကိုင်ကြသည့် တောင်သူလယ်သမားကြီးများနှင့် လယ်ယာလုပ်သားများအပြင် နေအိမ်များတွင်အသုံးပြုရန်အတွက်လည်း ဝယ်ယူကြကြောင်း ညောင်ကားယားကျေးရွာမှ ခမောက်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)