(၂၀၂၂-၂၀၂၃) ခုနှစ်၊ ပဲမျိုးစုံပေါ်ချိန်အတွင်း ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေကောင်းခဲ့ပြီး ပဲပေါ်ချိန်ရာသီကုန်ဆုံးပြီးနောက် ထောပတ်ပဲဈေးမှာ အထူးဈေးကောင်းရလျက်ရှိကြောင်းသိရသည်၊၊
ပဲထောပတ်ဈေးကောင်းရရှိမှုအခြေအနေနှင့်ပတ်သက်၍ ဘားအံမြို့ရှိ ရွှေကံထူးပဲပွဲရုံပိုင်ရှင် ဦးစောဝင်းနိုင်နှင့်တွေ့ဆုံမေးမြန်းခဲ့ရာတွင် “ဒီနှစ်ကတော့ ပဲထောပတ်လှောင်သမားနဲ့ ပဲကုန်သည်ပွဲရုံပိုင်ရှင်တွေအတွက် အထူးတွက်ခြေကိုက်တဲ့နှစ်ပါပဲ၊ ပဲပေါ်ရာသီအတွင်းမှာ ပဲမျိုးစုံဈေးကောင်းရခဲ့တဲ့အပြင် ပဲပေါ်ချိန်ရာသီပိတ်ပြီးတဲ့တိုင် လက်ရှိအခြေအနေမှာ (ဈေးကွက်ခန့်မှန်းချက်အတိုင်း) ပဲထောပတ်ဈေးဆက်တက်နေတော့ ပဲထောပတ်လှောင်သမားတွေ အကျိုးအမြတ်များခဲ့ပါတယ်” ဟု ၎င်းကပြောကြားခဲ့ပါသည်။
ကရင်ပြည်နယ်တွင် (၂၀၂၂-၂၀၂၃) ခုနှစ်အတွင်း ပဲထောပတ်ဈေးနှုန်းအခြေအနေများမှာ ၁တင်းလျှင် ရာသီချိန်အဖွင့်ဈေးမှာ ၆၅၀၀၀ကျပ်ဖြစ်ပြီး လက်ရှိဈေးကွက်ပေါက်ဈေးမှာ ၁၁၀၀၀၀ကျပ်ဖြစ်ကြောင်းသိရသည်။
ပဲထောပတ်သည် ကိုလက်စထရောပါဝင်မှုနည်းသောကြောင့် နှလုံးအတွက်အားကောင်းစေပြီး မဂ္ဂနီစီယမ်နှင့် ဖောလစ်အက်စစ်ပါဝင်မှုကြောင့် နှလုံးနှင့်ကြွက်သားများကို သန်မာအားကောင်းစေနိုင်သည်၊၊ သွေးတွင်းလည်ပတ်မှုကိုကောင်းစေခြင်း၊ အမျိုးသမီးများအတွက် လိုအပ်သောသံဓာတ်ကိုဖြည့်ဆည်းပေးနိုင်ခြင်း၊ ခွန်အားကိုဖြစ်စေပြီး ဇီဝကမ္မဖြစ်စဉ်ကိုကောင်းမွန်စေခြင်း၊ အဆီပါဝင်သည့်ပဲဖြစ်သောကြောင့် စားသုံးသူတွင်ကိုယ်အလေးချိန်မတက်စေခြင်း၊ ခန္ဓာကိုယ်အတွက် အမျှင်ဓာတ်ကိုဖြည့်ဆည်းပေးသောကြောင့် ဝမ်းကောင်းစေခြင်း၊ သွေးချိုဓာတ်ကိုထိန်းညှိပေးသောကြောင့် သွေးချိုသမားများစားသုံးနိုင်ခြင်း၊ ဆိုဒီယမ်ပါဝင်မှုနည်းသောကြောင့် သွေးတိုးသမားများပါစားသုံးနိုင်ခြင်နှင့် ကော့ပါးပါဝင်သောကြောင့် အသည်း၏လုပ်ဆောင်ချက်မှုကိုကောင်းမွန်စေခြင်း၊ ပရိုတိန်းဓာတ်ကိုလည်းကောင်းစွာဖြည့်ဆည်းပေးနိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သောကြောင့် အနာရောဂါကင်းဝေးစေနိုင်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများစွာကိုရရှိစေနိုင်သောကြောင့် ပြည်တွင်းစားသုံးမှုမြင့်မားသော ပဲအမျိုးအစားဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ကရင်)