စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၁၆) ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အဖွဲ့ဝင်များက စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဖြန့်ဖြူးရောင်းချရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သိုထားသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေလိုအပ်ပါကြောင်း၊ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ဖြင့်သာ တိကျစွာဖော်ပြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်ထားသောကုန်စည်များကို စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိကိုသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာနသို့လာရောက်၍ တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမည်ဖြစ်ပါကြောင်း၊ စားသုံးဆီနှင့်စပ်လျဉ်း၍ ညွှန်ကြားချက် (၁/၂၀၂၁) အား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အဆိုပါညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များကျခံရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်များလည်းရယူ ဆောင်ရွက်ရန်လိုကြောင်းတို့ကိုရှင်းလင်းဆွေးနွေးခဲ့ရာ စားသုံးဆီအမျိုးမျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၁၆) ဦးက သိရှိလိုသည်များအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ကယား)