မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ဈေးကွက်အတွင်းသို့ ၂၀၂၃ခုနှစ် ဇူလိုင်လ(ဒုတိယပတ်)တွင် မိုးပဲတီစိမ်းအသစ်များ စတင်ဝင်ရောက်လာကာ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၃၅၀၀မှ ၅၅၀၀၀)ဖြင့် ဈေးကွက် စတင်ဖွင့်လှစ်ပြီး တရုတ်မှ အဝယ်သွက်လျက်ရှိသည့်အတွက် မန္တလေးဈေးကွက်မှ အမြင့်ဈေးပေး၍ ဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။
ရန်ကုန်၊ မန္တလေးဝယ်လက်များမှ (တတိယပတ်)အတွင်း ပစ္စည်းအရည်အသွေး ကောင်း၊ သင့်၊ ညံ့အပေါ်မူတည်၍ ဝယ်ယူခဲ့ကြရာ ကျပ်(၅၅၀၀၀မှ ၅၇၀၀၀-၅၉၀၀၀-၆၂၅၀၀)ထိ တရိပ်ရိပ် တက်လာပြီး ဝယ်လက်များမှ ဝယ်ယူခဲ့ကြပါသည်။ နေ့စဉ်ပျမ်းမျှ(၁)တင်းခွဲအိတ် အိတ်ရေ(၁၀၀၀)ခန့် မှ (၃၀၀၀)ခန့် အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇူလိုင်လ (၂၆/၂၇)ရက်နေ့တို့တွင် ဈေးပြန်လည် အေးကာ ကျပ်(၆၂၅၀၀မှ ၆၀၀၀၀)အထိ ဝယ်လက်များမှဈေးချ၍ ဝယ်ယူကြသော်လည်း အရောင်း ပွဲစား/ တောင်သူများမှကျဈေးအပေါ် ငွေလိုအပ်သလောက်သာရောင်းချ၍ ဈေးကွက်ပြန်လည် ဦးမော့လာမည့်အချိန်ထိ စောင့်ဆိုင်းရောင်းချနေကြကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှု လိုအပ်ချက်ရှိနေကာ နေသာချိန်များ၍ ပဲတီစိမ်းစိုက်တောင်သူအများစု ပဲအထွက်နှုန်းကျဆင်း နိုင်ဖွယ်ရှိကြောင်း ကျေးရွာတောင်သူများထံမှ သိရှိရပါသည်။ ယခု ၂၀၂၃ခုနှစ်တွင် ပဲတီစိမ်း စိုက်ဧက (၅၉၂၁၁)လျာထားဧကပေါ်တွင် (၄၆၈၁၉)ဧက စိုက်ပျိုးပြီးစီးကြောင်းလည်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
DOCA(မကွေး)