ပြည်ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအားပဲများသာမက ပြည်တွင်းဝယ်လက်ပဲများကလည်း နေ့စဉ် ရောင်းဝယ်လျက်ရှိကြရာ မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ဈေးကောင်းရခဲ့သလို ပဲနီပြား၊ စားတော်ပဲ၊ စသည့် ပြည်တွင်းစားသုံးမှုများသော ပဲများကလည်း ဈေးပြန်မြင့်တက်လျက်ရှိကြပါသည်။ ပဲနီပြားသီးနှံသည် ဇူလိုင်လအတွင်း ပဲဈေးကွက်၌ တစ်တင်း(၉၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြသည့်အတွက် စားတော်ပဲ သီးနှံထက် ဈေးလျော့နည်းခဲ့သည်ဆိုသော်လည်း ယခင်နှစ်က ကာလတူအချိန်ရရှိခဲ့သော ပဲနီပြားသီးနှံ ဈေးထက် ကျပ်(၄၀၀၀၀)ကျော်အထိ မြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်ကဇူလိုင်လအတွင်း ပဲနီပြားသီးနှံဈေးမှာ တစ်တင်း (၅၀၀၀၀)ကျပ်ခန့်သာ ရရှိခဲ့ကြပါသည်။ ယခုအချိန်တွင် ပဲနီပြားသီးနှံအနေဖြင့် လက်ကျန်ပဲများသာရှိသည့်အတွက် လက်ကားသမားထက် လက်လီဝယ်ယူမှုပိုများခဲ့ကာ ပဲကြော်ဖိုသမားနှင့် ပဲပြုတ်ရောင်းချသူအချို့ ဝယ်ယူခဲ့ကြကြောင်း သိရပါသည်။
DOCA(ပဲခူး)