မိုးတွင်းကာလတွင် အလေ့ကျပေါက်လေ့ရှိသောဖလံတောင်ဝှေးပင်လေးများမှာ ဆေးဖက်အလွန်ဝင်ပြီး ခါးစပ်သောအရသာရှိပါသည်။ ဖလံတောင်ဝှေးပင်များကို ပလောင်တောင်ဝှေးပင်ဟူ၍လည်းခေါ်ဆိုကြပါသည်။ ဖလံတောင်ဝှေးကိုစားလျှင် ဝမ်းမီးကိုတောက်စေပြီး နှလုံးကိုအားဖြစ်စေပါသည်။ သလိပ်၊ သည်းခြေအဖျား၊ သွေးကြောင့်ဖြစ်သောရောဂါများကိုပျောက်ကင်းစေပါသည်။ ဖလံတောင်ဝှေးလှိုင်လှိုင်ပေါသည့် ၂၀၂၃ခုနှစ်၊ မိုးဦးကျချိန်တွင် တစ်စည်းလျှင် (၅၀၀) ကျပ်ဖြင့်သာရောင်းချကြပြီး အရိုင်းစည်းတစ်စည်းလျှင် (တစ်ပိဿာခန့်) (၁၅၀၀) ကျပ်ဖြင့်ရောင်းချကြပါသည်။ ဖလံတောင်ဝှေးနုနုလေးများကို ကြော်စား၍တစ်မျိုး၊ ကြော်ချက်၍တစ်ဖုံနှင့် တို့စရာအဖြစ်လည်းစားသုံးကြပါသည်။
ဖလံတောင်ဝှေးကို ရေကြက်သားနှင့်ချက်စားလျှင် ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးအားနည်းခြင်းတို့ကိုပျောက်ကင်းစေနိုင်ပါသည်။ ပုစွန်ဆိတ်လေးများနှင့်ကြော်စားလျှင် လိပ်ခေါင်းသွေးကျခြင်းကိုသက်သာစေပါသည်။ ကင်ပွန်းချဉ်ရွက်နှင့်ကြော်စားလျှင် ဆံပင်ဖြူခြင်းနှင့် သွေးဆုံးကိုင်ဝေဒနာကိုသက်သာစေပါသည်။ ဖလံတောင်ဝှေးပင်သည် တစ်ပင်လုံးဆေးဖက်ဝင်စေပါသည်။ အမြစ်ကိုထောင်းထု၍ နှာစေး၊ ချောင်းဆိုး၊ အစာမကြေလေနာ၊ အရေပြားရောဂါ၊ မြွေကိုက်ခြင်းတို့ကို ဆေးမြီးတိုအဖြစ်အသုံးပြုကြပါသည်။ ဖလံတောင်ဝှေးပင်သည် အလွန်ဆေးဖက်ဝင်ပြီး စားသုံးရန်သင့်တော်သော အပင်မျိုးဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)