မန်ကျည်းပင်သည် နွေရာသီတွင် အေးမြသောအရိပ်ကိုပေးနိုင်ပြီး လူတို့အတွက် အရွက်၊ အသီး၊ အခေါက်တစ်ပင်လုံးနီးပါးအသုံးဝင်ပါသည်။ ယခုအချိန်တွင် မိုးရာသီရောက်ရှိနေပြီဖြစ်သည့်အတွက် ရာသီစာတစ်ခုအနေဖြင့် မန်ကျည်းသီးစိမ်းကို ပုစွန်ဆိတ်ဖြင့်ကြော်၍လည်းကောင်း၊ မန်ကျည်းသီးစိမ်းငါးပိချက်ချက်၍သော်လည်းကောင်း၊ မန်ကျည်းစိမ်းနှင့်မျှစ်တို့ကိုကြော်၍လည်းကောင်း အရန်ဟင်းတစ်ခွက်အဖြစ် စားသောက်ကြပါသည်။ မန်ကျည်းသီးစိမ်းတွင် ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကယ်လ်စီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ် စသည့်အာဟာရဓာတ်များစွာပါဝင်သဖြင့် သွေးအတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်၏အင်ဆူလင်ပမာဏကို တိုးအောင်လုပ်ဆောင်နိုင်ပါသဖြင့် ဆီးချိုသမားများစားသုံးလျှင် သင့်လျော်ပါသည်။
စိုက်ပျိုး၍ရသည့် မန်ကျည်းပင်များရှိသကဲ့သို့ သဘာဝအလျောက်လည်းပေါက်ရောက်သည့်မန်ကျည်းပင်များလည်းရှိပါသည်။ မြို့ရွာ၊ ကျေးလက်ဒေသများတွင် ခြံစည်ရိုးအဖြစ်လည်းစိုက်ပျိုးကြပြီး မန်ကျည်းသီးစိမ်းများထွက်ပေါ်လာလျှင် ခူးယူကြပြီး ရာသီစာအဖြစ် ပြည်နယ်အတွင်းရှိ ရွှေတောင်၊ ပေါက်ခေါင်း၊ သဲကုန်း၊ အနောက်ဘက်ကမ်းရှိ ရွှေဘုံသာ၊ ငွေဘုံသာရွာများမှ ပြည်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် ပြည်ဈေးကွက်အတွင်းရောင်းချနေသော မန်ကျည်းသီးစိမ်းဈေးများမှာ တစ်ဆယ်ကျပ်သားလျှင် (၆၀၀-၇၀၀) ကျပ်တို့ဖြင့် ရောင်းချနေကြကြောင်းသိရပါသည်။
DOCA(ပဲခူး)