Main menu

ပြည်ကြို့သီးဈေးကွက်

Powered by Drupal

    ချဉ်သောအရသာရှိပြီး ဝါကျင့်ကျင့်အရောင်ရှိသည့်ကြို့သီးကို ပြည်ဒေသ၏ အနီးပတ်ဝန်းကျင်ဒေသများဖြစ်သော ပျဉ်ပင်ကိုင်း၊ သဇင်လှ၊ မှော်ဇာ စသည့်နယ်များနှင့်  နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဆင်မြီးဆွဲ၊ ပုတီးကုန်း စသည့်နယ်များမှလည်း ပြည်ဈေးကွက်သို့ ဝင်ရောက်မှုရှိနေပါသည်။ ကြို့သီးကို ကြို့သီးငါးပိချက်၊ ကြို့သီးချဉ်ဟင်းများချက်ပြုတ်စားနိုင်ပြီး သားရေစာအဖြစ် ဆေးသကြား၊ ငရုတ်သီးမှုန့်၊ ငံပြာရည်တို့နှင့်သုပ်စား၍လည်းစားသုံးကြပါသည်။ ကျန်းမာရေးအတွက် အစာကြေ၊ ရင်ချောင်ရန် ကြို့သီးနှင့် သကြား၊ ရေတို့ကိုအချိုးကျထည့်၍ သောက်သုံးကြကြောင်းလည်းသိရပါသည်။ ကြို့သီးကို တချို့အရပ်ဒေသများတွင် လေချူသီး၊ သမင်မျက်လုံး၊ တရုတ်ဆီးသီး၊ နန်းပြားသီး စသည်ဖြင့် အရပ်ဒေသအလိုက် အမည်အမျိုးမျိုးမှည့်ခေါ်ကြကြောင်း သိရပါသည်။

    ကြို့ပင်စိုက်ပျိုးရာတွင် အစေ့ကိုဖြစ်စေ၊ ကိုင်းဖြတ်ကိုဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။ ကြို့သီး ကိုစားသုံးနိုင်၍ အရွက်ကို ကျွဲနွားများအားကျွေးနိုင်ပါသည်။ ကြို့ပင်၏အသားမှာလည်း နီကျင့်ကျင့်အရောင်ရှိ၍ ပျဉ်းတွဲ၊ မာကြော၊ ခိုင်ခံ့လေးလံသောကြောင့် လှည်းဘီးဝင်ရိုးများ၊ ထွန်၊ ထယ်၊ စူး၊ ဆောက်၊ လက်ကိုင်ရိုး၊ ဆီကြိတ်ဆုံ၊ ကြံကြိတ်တလိမ့်တုံး၊ ကျည်ပွေ့များပြုလုပ်ခြင်းအတွက်ကောင်းမွန်ပြီး ပွတ်ခံရန်အတွက်လည်းကောင်းသဖြင့် ရေနံတင်သဗ္ဗာန်တို့၏ကုန်းပတ်ကိုလည်း ကြို့သားဖြင့်ခင်းလေ့ရှိကြောင်း သိရပါသည်။

     ပြည်ဈေးကွက်အတွင်း ကြို့သီးကို အတွဲဖြင့်လည်းကောင်း၊ အပြေကို (၁၀) လုံးမှ (၁၅) အလုံးအထုပ်များထုပ်၍လည်းကောင်း နို့ဆီဘူးဖြင့်ချိန်တွယ်၍လည်းကောင်း ရောင်းချကြပြီး အလုံး (၂၀) ပါ တစ်တွဲလျှင် ကျပ် (၅၀၀)၊ (၁၀) လုံးမှ (၁၅)လုံးအထိပါ တစ်ထုပ်လျှင် ကျပ် (၃၀၀)၊ နို့ဆီးဘူးတစ်ဘူးလျှင် ကျပ် (၃၅၀-၄၅၀) ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)