တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရှမ်းချောင်း (ကုန်စိမ်းဈေး) အတွင်းသို့ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ အင်းလေး၊ အောင်ပန်းနှင့်အခြားဒေသများမှ ခရမ်းချဉ်သီးများမှာ ယခင်လထက် လှိုင်လှိုင်ဝင်ရောက်လာကြကြောင်း မေးမြန်းသိရှိရပါသည်။
မြိတ်မြို့နယ်အတွင်းရောင်းချနေသည့် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း) မှ အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချရခြင်းဖြစ်ကြောင်း၊ လမ်းပမ်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် ဈေးနှုန်းကြီးမြှင့်ရခြင်းဖြစ်ပြီး ယခုအခါ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှလည်းထွက်ပေါ်လာပြီဖြစ်၍ ဈေးနှုန်းများပြန်လည်ကျဆင်းလာကြောင်းကို ခရမ်းချဉ်သီးရောင်းချသော ကုန်သည်တစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။ ဇွန်လ၊ စတုတ္တအပတ်တွင် ခရမ်းချဉ်သီး ၁ပိဿာလျှင် (၂၇၀ဝ-၃၀ဝ၀) ကျပ်တို့ရရှိခဲ့ပြီးဇူလိုင်လ၊ စတုတ္တအပတ်တွင် (၂၀ဝ၀-၂၅၀ဝ) ကျပ်သာရရှိကြောင်းသိရှိရပါသည်။
ခရမ်းချဉ်သီးစိုက်ပျိုးသောတောင်သူများ၊ ကုန်စည်ဒိုင်များ၊ ပွဲရုံများ၊ ကုန်သည်များနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများအနေဖြင့် မိမိဝင်ငွေတိုးအောင် ခရမ်းချဉ်သီးနှင့်ပတ်သက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ (ခရမ်းချဉ်သီးယို) ကိုပြုလုပ်သင့်ပါသည်။ ခရမ်းချဉ်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ပြုလုပ်ရာတွင် လိုအပ်သောပါဝင်ပစ္စည်းများမှာ ခရမ်းချဉ်သီး ၁ပိဿာလျှင် သကြား (၄၅) ကျပ်သား၊ ကွမ်းစားထုံး (၃) ကျပ်သားနှင့် ဆားအနည်းငယ်တို့ဖြစ်ပါသည်။ ခရမ်းချဉ်သီးယိုပြုလုပ်ရာတွင် အရည်ရွှမ်းပြီး နီနီရဲရဲအသီးကိုရွှေးချယ်ကာ အစေ့များဖယ်ကျဉ်၍ အသီးထိပ်မှအညှာကိုဖယ်၍ ဒေါင်လိုက်ကိုင်ပြီး ဓားဖြင့်လေးပိုင်းခွဲကာ လေးစိတ်စိတ်ရပါသည်။ ခွဲထားသောခရမ်းချဉ်သီးများကို ရေဖျော်ထားသောထုံးထဲတွင် (၃) နာရီအကြာစိမ်ထားရပါသည်။ (၃) နာရီပြည့်လျှင် စိမ်ထားသောခရမ်းချဉ်သီးများကို ထုံးစင်အောင်ဆေးကြော၍ ကျိုမည့်အိုးထဲသို့ထည့်ကာ ဆား၊ သကြားများနှင့် ရေအနည်းငယ်ထည့်၍ မီးအေးအေးဖြင့် ခမ်းသည်အထိကျိုပေးရပါသည်။
သကြားရည်များ ညောင်စေးကဲ့သို့ ခပ်ပြစ်ပြစ်ဖြစ်လာလျှင် နေလှန်းမည့်ဗန်းထဲသို့ တစ်လုံးချင်းစီကို အသာဆယ်ယူ၍ ဖြန့်ကာ နေရောင်ကောင်းစွာရသောနေရာတွင် ရက်သတ္တပတ် တစ်ပတ်ခန့်လှန်းပေးရပါမည်။ နေလှန်းနေသောကာလအတွင်း ခရမ်းချဉ်သီးယိုကို အထက်အောက်လှန်ပေးရမည်။ တစ်ပတ်ပြည့်လျှင် အသီးများသည် ခြောက်လည်းခြောက်၊ သကြားလည်းပွင့်သည့်အနေအထားတွင် အရသာကောင်းမွန်သောခရမ်းချဉ်သီးယိုကိုရရှိပြီဖြစ်ပါသည်။ ယခုကဲ့သို့ ဈေးကျနေသောကာလများတွင် တန်ဖိုးမြှင့်ထုတ်ကုန်များကိုထုတ်လုပ်၍ မိမိတို့၏ဝင်ငွေများတိုးလာအောင် ဆောင်ရွက်သင့်ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(တနင်္သာရီ)