Main menu

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ(မိုး) မြေပဲများ စတင်စိုက်ပျိုး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်ရှိပြီး နှစ်စဉ်ဆီထွက်သီးနှံမြေပဲကို မိုးနှင့် ဆောင်း(၂)ရာသီစိုက်ပျိုးလေ့ရှိပါသည်။ (မိုး)မြေပဲများကို ဒေသတွင်းအနှံ့အပြား ကုန်းမြေယာများတွင် ဇူလိုင်လဆန်းမှ စတင်၍စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ဧက(၃၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ သီးညှပ်သီးနှံအဖြစ် ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူသီးနှံတို့ကို စိုက်ပျိုးကြောင်း ဒေသခံတောင်သူများတဆင့် သိရှိရပါသည်။

    မြေပဲစိုက်ပျိုးရာတွင် မြေပဲမျိုးစေ့ တစ်ပြည်လျှင် ကျပ်(၇၀၀၀)၊ တစ်တင်းလျှင်ကျပ် (၁၁၂၀၀၀)ဈေးဖြင့်ဝယ်ယူရပြီး တစ်ဧကလျှင် မျိူးစေ့(၂)တင်းခန့် စိုက်ပျိုးရကြောင်း၊ အလုပ်သမားငှားပြီး လက်ဖြင့် အဆံတစ်စေ့ခြင်း စိုက်ပျိုးကြောင်း၊ အလုပ်သမား(၁၅)ဦး ငှားရမ်းရပြီး တစ်ဦးလျှင် ကျပ်(၂၅၀၀)၊ နွားတစ်ရှဉ်းလျှင် ကျပ်(၁၅၀၀၀)နှုန်းဖြင့် ငှားရမ်းစိုက်ပျိုးရကြောင်း၊ နွားရှဉ်းဖြင့် ထယ်ချောင်းဆွဲပြီး မျိုးစေ့ဖြူးချစိုက်ပျိုးလျှင် (၃)တင်းခန့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်တောင်သူအများစုမှာ မျိုးစေ့ကုန်ကျမှုနည်းပြီး အပင်ပေါက်စုံလင်စေရန်အတွက် အလုပ်သမားငှားရမ်း စိုက်ပျိုးမှုများကြောင်း၊ မကွေး(၁၁) နှင့် နှစ်ဆစ်တောင့် (အသေး) (၃)လပဲမျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။

   ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်မြေပဲမျိုးစေ့တစ်ပြည်လျှင် ကျပ်(၄၀၀၀)ဖြင့်ဝယ်ယူ စိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ ကျပ်(၅၀၀၀၀၀)ခန့်ကုန်ကျပြီး မြေပဲအထွက်တင်း(၂၀ မှ ၃၀)ထွက်ရှိကြောင်း၊ သီးနှံပေါ်ချိန်ဒေသတွင်း ဈေးကွက်တွင် မြေပဲတောင့်(အခြောက်) တစ်တင်းလျှင် ကျပ် (၂၅၀၀၀)၊ အဆံတစ်ပြည်လျှင် ကျပ်(၆၀၀၀) ဈေးဖြင့်ရောင်းချရခြင်း၊ တစ်ဧကလျှင် ကျပ်(၃)သိန်းခန့် ရရှိ ကြောင်း၊ စိုက်ပျိုးမြေ၊ သွင်းအားစုသုံးစွဲမှု၊ ရာသီဥတုမတူညီ၍ စိုက်တောင်သူတစ်ဦးချင်းမှာ အကျိုး အမြတ်ရရှိပုံ မတူညီကြောင်း သိရှိရသည်။

     ယခုလက်ရှိ‌ ဒေသတွင်းဈေးကွက်တွင် မြေပဲဆီဈေးနှုန်းမှာ ဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ စက်ဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ ပါသည်။ ယခုနှစ်တွင် မြေထောက်ပဲများကို ပြည်တွင်းစားသုံးမှုမြင့်တက်လာခြင်းနှင့် ပြည်တွင်း ပြည်ပဝယ်လိုအားများသောကြောင့် ပြည်တွင်းဈေးကွက် ခိုင်မာလျက်ရှိပြီး ပြည်တွင်းမှထွက်ရှိသော မြေပဲဆံများကို ပြည်ပဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများမှ အဓိကဝယ်ယူလျက်ရှိ၍ မြေပဲဈေးကွက် ခိုင်မာလျက်ရှိပါသည်။

    မြေပဲဆီသည် ကျန်းမာရေးနှင့် ညီညွှတ်သည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်၍ စိုက်တောင်သူများအနေဖြင့် မိသားစုစားသုံးဆီဖူလုံမှုရရှိသည့်အပြင် ဈေးကွက်ခိုင်မာမှုရှိ၍ အကျိုးအမြတ်ရရှိခြင်းကြောင့် ဆီထွက်သီးနှံ(မိုး)မြေပဲများ ယခင်နှစ်ထက် တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းများမှာလည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)