ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဝက်ပုတ်၊ ပုတီးကုန်း၏ အနားပတ်ဝန်းကျင်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံတို့ကို များစွာ စိုက်ပျိုးထုတ်လုပ်၍ စီးပွားဖြစ်တင်ပို့ရောင်းချလျက်ရှိပါသည် ။ ထိုဟင်းသီးဟင်းရွက်သီးနှံများထဲတွင် တကူးတကစိုက်ပျိုးစရာမလိုဘဲ မိုးဦးကျတွင်ပေါက်ရောက်သော ဟင်းသီးဟင်းရွက်များလည်းပါဝင်ပေသည် ။ ထိုအလေ့ကျပေါက်ရောက်သော ဟင်းသီးဟင်းရွက်များထဲမှ ဖလှံတောင်ဝှေး၏အသုံးဝင်ပုံကို ရေးသားတင်ပြအပ်ပါသည်။
စားသုံးသူတို့အနေဖြင့် ဖလှံတောင်ဝှေးပင်ကို ဓာတုကင်းလွတ်သောဟင်းသီးဟင်းရွက်အဖြစ် စိတ်ချစွာစားသုံးနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဖလှံတောင်ဝှေးပင်သည် ဥမှအလေ့ကျပေါက်သော သြဂဲနစ်စစ်စစ်ဖြစ်ပါသည်။ ဖလှံတောင်ဝှေးပင်၏အဖျားပိုင်း (၁) ပေခန့်ကိုချိုးယူ၍ (၁၀) တောင့်စည်းတစ်စည်းလျှင် ပေါ်ကာစတွင် (၅၀၀) ကျပ်နှင့် လှိုင်သောအချိန်တွင် (၃၀၀) ကျပ်ခန့်ရရှိပါသည်။ ဖလှံတောင်ဝှေး၏ အပေါ်ယံအမျှင်ကိုသင်၍ လက်တစ်ဆစ်ခန့်လှီးဖြတ်ကာ ထက်ခြမ်းခြမ်း၍ ကြက်ဥနှင့်ကြော်စားလျှင် ဟင်းပွဲတစ်ပွဲအဖြစ်ရရှိပါသည်။ အပင်မှ အဖြူရောင်ပန်းများပွင့်ပြီး အပင်ရင့်သန်လာလျှင် ချိုးယူစားသောက်ခြင်းမပြုတော့ပါ။ သို့သော်ရင့်သော ပင်စည်ရိုးကို နားအူ၊ နားကိုက် ဝေဒနာများအတွက် မီးအုံး၍ အရည်ခပ်နွေးနွေးကို နားထဲညှစ်ထည့်ပေးလျှင် ပျောက်ကင်း၍ ဆေးဘက်ဝင်သည်ဟုကြားသိရပါသည်။ ဖလှံတောင်ဝှေးပင်သည် အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ဝမ်းချုပ်တတ်သူများ မကြာခဏစားသုံးပေးသင့်ကြောင်း၊ ဆီးရောဂါများနှင့် အခြားရောဂါများကိုလည်းသက်သာပျောက်ကင်း၍ အလွန် ဆေးဘက်ဝင်ကြောင်း ဆေးကျမ်းများအရသိရှိရပါသည် ။
ယနေ့ခေတ် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် စားသုံးသူဦးစားပေး၍ ဓာတ်မြေသြဇာနှင့်ဓာတုပိုးသတ်ဆေးတို့ကို စနစ်တကျသုံးစွဲသော တောင်သူဆိုသည်မှာ အလွန်ရှားပါးလှသဖြင့် ကျန်းမာရေးလိုက်စားသောစားသုံးသူများအတွက် ဓာတုကင်းလွတ်သောဟင်းသီးဟင်းရွက်ကို ရွေးချယ်စားသုံးနိုင်စေရန် တစ်နှစ်တစ်ကြိမ်သာပေါ်သော ရာသီစာ ဖလှံတောင်ဝှေး၏ဆေးဖက်ဝင်အသုံးဝင်ပုံကို ရေးသားဖော်ပြလိုက်ရပါသည်။
DOCA(ပဲခူး)