ပုစွန်ခြောက်သည် မြန်မာနိုင်ငံတွင် လူအများကြိုက်နှစ်သက်မှုရှိသော စားသောက်ကုန်ပစ္စည်းတစ်ခုအပါအဝင်ဖြစ်ပြီး အသုပ်နှင့်အကြော်အလှော်များချက်ပြုတ်ရာတွင် ပုစွန်ခြောက်ကိုတွဲဖက်၍စာသုံးလေ့ရှိပါသည်။ တချို့စားသုံးသူများသည် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ပုစွန်ခြောက်ကို အချိုမှုန့်အစားထိုးအဖြစ်လည်း အသုံးပြုလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ကမ်းရိုးတန်းဒေသများဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ကမ်းရိုးတန်းဒေသနှင့် ဧရာဝတီတိုင်းဒေသကြီး၏ မြစ်ဝကျွန်းပေါ်ဒေသများတွင် တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုလုပ်ငန်းများကိုလုပ်ကိုင်သည့်အနက် ပုစွန်ခြောက်ကို စီးပွားဖြစ်လုပ်ကိုင်လျက်ရှိပါသည်။ ပုစွန်ခြောက်ကို ဖမ်းယူသည့် ပိုက်လှေအမျိုးအစားအပေါ်မူတည်၍ ကျားပုစွန်ခြောက်၊ ဖောင်ပုစွန်ခြောက်၊ ဒုံးပုစွန်ခြောက်ဟူ၍ အမျိုးအစားကွဲပြားလျက်ရှိပြီး ဆိုဒ်အမျိုးအစားအပေါ်မူတည်၍လည်း ဈေးနှုန်းကွာခြားမှုရှိပါသည်။
ဒေသအတွင်း၌ လက်ရှိပုစွန်ခြောက်ဈေးနှုန်းများမှာ ကျားပုစွန်ခြောက် (ကြီး) တစ်ပိဿာလျှင် ကျပ်၅၀ဝ၀ဝမှ ကျပ်၅၃၀ဝ၀ခန့်၊ ဖောင်ပုစွန်ခြောက် (ကြီး) တစ်ပိဿာလျှင် ကျပ်၄၈၀ဝ၀မှ ကျပ်၅၀ဝ၀ဝခန့်၊ ဒုံးပုစွန်ခြောက် (ကြီး) တစ်ပိဿာလျှင် ကျပ်၇၀ဝ၀ဝမှ ၈၀ဝ၀ဝခန့်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း ပုစွန်ခြောက်လုပ်ငန်းရှင်ထံမှသိရှိပါသည်။
ယခုမိုးရာသီကာလတွင် ပုစွန်ခြောက်ကုန်ကြမ်းထွက်ရှိမှုများပြားသော်လည်း ပုစွန်ခြောက်ကုန်ချောရရှိရန်အတွက် ပုစွန်များကိုအခြောက်ခံရာတွင် ဒေသတွင်း မိုးရွာသွန်းမှုများပြားနေသောကြောင့် နေရောင်ခြည်မရရှိသဖြင့် ကြပ်တိုက်၍အခြောက်ခံခြင်း၊ ပုစွန်တင်သည့်ဖောင်ဖြင့် အောက်မှမီးအပူပေး၍ အခြောက်ခံရသဖြင့် ပုစွန်ခြောက်ထွက်ရှိမှုနည်းပါးကြောင်း ပုစွန်ခြောက်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။
DOCA(တနင်္သာရီ)