နာနတ်သီးဟုဆိုလျှင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတနယ်မှ ထုံးကြီးနာနတ်သီး၊ ပဲခူးတိုင်းဒေသကြီး ကဝနယ်မှ ထူးကြီးနာနတ်သီးနှင့် ကချင်ပြည်နယ် မြစ်ကြီးနားနာနတ်သီးတို့မှာ နာမည်ကျော်ကြားပါသည်။ မြစ်ကြီးနား နာနတ်သီးသည် မျက်ကွင်းတိမ်၍ အနံ့အရသာ အထူးကောင်းမွန်သောကြောင့် စျေးကွက်အတွင်း ကြိုက်နှစ်သက်၍ ဝယ်ယူစားသုံးကြပါသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း မန်ခိန်၊ ရွှေစက်၊ ပလန၊ မိုင်းနားဒေသများတွင် နာနတ်သီးကို စီးပွားဖြစ် စိုက်ခင်းများဖြင့် အဓိကထားစိုက်ပျိုးကြပြီး မိုးနာနတ်သီးနှင့် ဆောင်းနာနတ်သီးဟူ၍ နှစ်ကြိမ်ထွက်ရှိပါသည်။ မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၃၀၀ကျော် စိုက်ပျိုးခဲ့ပြီး မိုးနာနတ်သီးများကို မြစ်ကြီးနားမြို့ သစ်သီးအရောင်းဆိုင်များ၊ နာနတ်ယို၊ ဖျော်ရည်လုပ်ငန်းများမှ ဝယ်ယူသည့်အပြင် မန္တလေးဒေသသို့လည်း တင်ပို့နေကြောင်းသိရပါသည်။ မြစ်ကြီးနားမိုးနာနတ်သီးသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ပထမအပတ်တွင် စတင်ထွက်ရှိ၍ နာနတ်သီးတစ်လုံးလျှင် ၁၅၀၀ ကျပ်မှ၁၈၀၀ကျပ်ထိစျေးရှိခဲ့ပြီးယခုကာလနာနတ်သီးလှိုင်လှိုင်ပေါ်ချိန်တွင်စျေးကွက်သို့အများအပြားတင်ပို့လျက်ရှိရာအရောင်းသွက်နေပါသည်။သြဂုတ်လပထမအပတ်တွင် တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး နာနတ်စိုက်ပျိုးသည့် လုပ်ငန်းရှင်တစ်ဦးမှ ယခင်နှစ် မိုးနာနတ်သီးစျေးနှုန်းထက် ယခုနှစ်မိုးနာနတ်သီးတစ်လုံးကို ၃၀၀ကျပ်မှ ၅၀၀ကျပ်ထိ ပိုမိုရရှိသောကြောင့် အကျိုးအမြတ်များကြောင်းနှင့် လိမ္မော်ခြံ၊ ရော်ဘာခြံများတွင် သီးညှပ်သီးနှံ အဖြစ်တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရပါသည်။
DOCA(ကချင်)