Main menu

“ တစ်နိုင်တစ်ပိုင်ဆူးပုတ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုး”

Powered by Drupal

    ဆူးပုတ်ကြီးပင် (သို့) ဆူးရစ်ပင်ကို ရုက္ခဗေဒနာမည်အားဖြင့် အကေးရှားအင်နာတာ (Acacia Pennata) ဟုခေါ်သည့် မျိုးရင်းမှာ “လီဂူမီနိုးစီအီး” Leguminsae Jussieu ဖြစ်သည်။ ဆူးရစ်ပင်ကို မြန်မာနိုင်ငံအရပ်ရပ်၌တွေ့ရပြီး မြန်မာအမည်မှာ ဆူးပုတ်ကြီး၊ အင်္ဂလိပ်အမည်မှာ SUE POKE ဖြစ်သည်။

ဆူးပုတ်ရွက်နှင့် ကျန်းမာရေး

    ဆူးပုတ်ပင်၏အနုအညွန့်များမှာ စားသုံးနိုင်ပြီး အရွက်များနူးညံ့ကာ ကြွပ်ကြွပ်လေးနှင့် အရသာအနေဖြင့် နည်းနည်းသက်ပြီး အရွက်အနံ့မှာ နည်းနည်းပြင်းပါသည်။ ဆူးပုတ်ရွက်၏ ကျန်းမာရေးကောင်းကျိုးများမှာ အရွက်တင်သာမက ပင်စည်၊ အခေါက်များကအစ ဆေးဖက်ဝင်ပါသည်။ ဆူပုတ်ရွက်တွင် ဗီတာမင် A၊ ကယ်လီဆီယမ်၊ ဖော့စဖရိတ်၊ ဗီတာမင် B၊ ဗီတာမင် C၊ အမျှင်ဓာတ်နှင့် သံဓာတ်နှင့် ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေခြင်း၊ သံဓာတ်ပါဝင်ခြင်းကြောင့် သွေးအားကောင်းစေခြင်း၊ ကယ်လ်ဆီယမ်ပါဝင်ခြင်းကြောင့် သွားများကိုကြံ့ခိုင်စေပြီး သွားဖုံးများကိုပါကျန်းမာစေခြင်း၊ အရိုးသန်မာခြင်း၊ ပန်းနာရင်ကြပ်ရောဂါများကိုသက်သာစေခြင်း၊ အစာခြေစနစ်ကျန်းမာစေသဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်သည့် အရွက်တစ်မျိုးဖြစ်ပါသည်။

     ဆူးပုတ်ရွက်သည် ကျန်းမာရေးအတွက် အကျိုးများသော်လည်း အလွန်အကျွံစာသုံးမည်ဆိုလျှင် အော့အန်ခြင်း၊ မအီမသာနှင့် စိတ်ခံစားမှုမကောင်းခြင်းများကိုခံစားရနိုင်ပြီး ဆူးပုတ်ရွက်ကို ဆီချိုရောဂါရှိသူ၊ သွေးတိုးရောဂါ၊ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ရှောင်ကျဉ်သင့်ပါသည်။

ရေမြေရာသီဥတု

    ဆူးပုတ်ကြီးသည် မြန်မာပြည်အနှံ့အပြား၌ ရာသီဥတုမရွေးဖြစ်ထွန်းသော အပင်တစ်မျိုးဖြစ်ပြီး ရေဝပ်သည့်စိမ်စွဲမြေမျိုးကိုနှစ်သက်ပြီး ရေနုတ်အားကောင်းသောမြေမျိုးတွင် ကောင်းမွန်စွာဖြစ်ထွန်းပါသည်။ ဆူးပုတ်ပင်ကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပါသည်။

ဆူးပုတ်မျိုးများ

    ဆူးပုတ်ကလေးမျိုးနှင့် ဆူပုတ်ကြီးမျိုးဟူ၍ နှစ်မျိုးရှိပြီး ဆူးပုတ်ကြီးမျိုးမှာ ဆူးကျဲမျိုး၊ ဆူးလတ်မျိုး၊ ဆူးစိပ်မျိုးဟူ၍ (၃) မျိုးရှိပါသည်။

စိုက်ခင်းမြေပြုပြင်ခြင်း

   ဆူးပုတ်ကြီးစိုက်ခင်းပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီအချိန်တွင် သစ်ပင်၊ သစ်ပုတ်များကို ပြောင်အောင်ရှင်းလင်းရမည်ဖြစ်ပြီး မိုးကျလျှင် ထယ်တစ်လွှာထိုး၍ ထွန်မွှေပြီး မြေညက်အောင် ညှိထားရပါသည်။ စိုက်မြောင်းများကို (၄ပေ/ ၅ပေ) ခြားဆွဲရပါသည်။

စိုက်ပျိုးခြင်း

     မြောင်းဆွဲထားသော စိုက်မြောင်းပေါ်တွင် အတက် (၈) လက်မနှင့် အကျယ် (၄) လက်မခန့်ကျင်းများတူးရပြီး မြေထုပ်စည်းကို ကျင်းထဲတွင် (၄) လက်မမြှုပ်၍စိုက်ရသည်။ မြေပြင်ဖုံးရပြီး အပင်ခြေရင်းတွင် ရေမဝပ်စေရန်အလို့ငှာ မြေမာအောင်ပြုလုပ်ရပါသည်။ စိုက်ပျိုးရာတွင် ပျိုးပင်များစိုက်ပျိုးခြင်းနှင့် ကိုင်းခုတ်စိုက်ပျိုးခြင်းများရှိပြီး ပျိုးပင်စိုက်ပျိုးခြင်းကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။

မြေသြဇာကျွေးခြင်း

    စိုက်ပျိုးပြီး (၁) ရက်အကြာတွင် နွားချေးနှင့် မြေသြဇာတို့ကိုထည့်ပြီး ရေဝအောင်လောင်းပေးရပါသည်။ ရေသွင်းခြင်းကို တစ်ပတ်လျှင် (၁) ကြိမ်သွင်းပေးရသည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် နွားချေးနှင့် မြေသြဇာကျွေးခြင်း၊ ရေသွင်းခြင်းများပြုလုပ်ပြီး ကိုင်းများကိုဖြတ်ပေးရပါသည်။

အပင်ပြုစုခြင်း

  ဆူးပုတ်ကြီးစိုက်ခင်းတွင် ပျိုးပင်စိုက်ပြီး (၆) လခန့်အကြာတွင် ထိပ်ညွန့်များကိုဖြတ်ပေးရသည်။ ခူးလျှင် အောက်ရွက်တစ်လက်ချန်၍ခူးမှသာ အညွန့်သစ်ထပ်မံလိုက်မည်ဖြစ်ပါသည်။ စိုက်ပျိုးပြီး (၁) နှစ်ခန့်ရှိမှသာ စတင်ခူးရပါသည်။

မျိုးပွားနည်း

    ကိုင်းဖြတ်စိုက်ပျိုးခြင်းတွင် မျိုးကိုင်းအဖြစ် မြေထုပ်စည်းခြင်းကို သြဂုတ်လနှင့် စက်တင်ဘာလတို့တွင်ပြုလုပ်ပြီး နောက်တစ်လခန့်အကြာမှသာ မြေထုပ်စည်းကိုင်းကိုဖြတ်၍ စိုက်ကြရပါသည်။

မိတ္ထီလာမြို့နယ်၏ ဆူးပုတ်စိုက်ပျိုးခြင်း

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကျောက်ဖူးကျေးရွာ၊ ရွှေစစ်သည် - အုံတုံကျေးရွာများလမ်းအနီး၊ တောမကျေးရွာများတွင် ဆူးပုတ်ကြီးကို တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေရလုပ်ငန်းအဖြစ် စိုက်ပျိုးကြပါသည်။ အဆိုပါ ကျေးရွာများတွင် အပင်ရေ (၅၀၀) မှ အပင်ရေ (၁၀၀၀) ခန့်အထိရှိသည့် ခြံပေါင်း (၈၀ - ၁၀၀) နီးပါးရှိပြီး ဒေသမျိုးဖြစ်သော ဗမာဆူးပုတ်ကြီးမျိုးပျိုးပင်များကိုအများဆုံးစိုက်ပျိုးကြပါသည်။ ဆူးပုတ်ကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပျိုးပင် (၈၀၀) ခန့်စိုက်ပျိုးနိုင်ပြီး (၄-၅) ပေတန်းခြား၍စိုက်ပျိုးကြပါသည်။ ပျိုးပင်များကို ပျိုးခြံမှတစ်ပင်လျှင် (၂၀၀-၃၀၀) ကျပ်နှုန်းဖြင့်ဝယ်ယူရပြီး မြေပြုပြင်ခြင်း၊ အစာကျွေးခြင်း၊ ရေသွင်းခြင်း၊ လုပ်သားခများအပါ ခူးဆွတ်ချိန်ထိ တစ်ဧကကုန်ကျစရိတ်မှာ စုစုပေါင်း (၆) သိန်းခန့်ကုန်ကျပါသည်။

     ခြံဟောင်းများမှာ မိုးရာသီကာလတွင် ဆူးပုတ်ရွက်လှိုင်လှိုင်ခူးရပြီး  (၃) ရက်ခြားလျှင် တစ်ကြိတ်ခူးရပြီး တစ်ကြိမ်ခူးလျှင် (၁၅) ပိဿာမှ (၂၀) ပိဿာအထိရရှိပါသည်။ တစ်နှစ်လျှင် (၈) လခန့်ခူးရပြီး ဒီဇင်ဘာလမှ မတ်လအထိခူးဆွတ်မှုနားရပြီး ကိုင်းဖြတ်ခြင်း၊ အစာကျွေးခြင်း၊ ရေသွင်းခြင်းတို့ပြုလုပ်ရပါသည်။     ၎င်းကျေးရွာများရှိ  ဆူးပုတ်ခြံများမှာ (၈) နှစ်၊  (၁၀) နှစ်သက်တမ်းရှိသည့်ခြံများပင် ယခုအချိန်ထိခူးနိုင်ကြောင်း၊ ဆူးပုတ်ကြီးပင်သက်တမ်းမှာ အနည်းဆုံး (၁၅) နှစ်ခန့်ရှိကြောင်းသိရှိရပါသည်။ ဆူးပုတ်ကြီးကို သီးသန့်ခြံအဖြစ်စိုက်ပျိုးခြင်းများအပြင် အိမ်ခြံဝန်းအတွင်းရှိ မြေလွတ်များ၊ အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးသူများမှာ အိမ်အလုပ်မပြတ်ဘဲ "အိမ်နောက်ဘေး စျေးဆိုင်တည်" ဆိုသည့်စကားပုံအတိုင်း မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေကြောင်း၊ နှစ်ရှည်စားပင်ဖြစ်သဖြင့် နှစ်စဉ် ဝင်ငွေရရှိ၍ စိုက်ပျိုးသူများမှာ တွက်ချေကိုက်မှုရှိကြောင်း၊ ဆူးပုတ်ကြီးရွက်စျေးကွက်အနေဖြင့် မိတ္ထီလာမြို့တွင် အဓိကရောင်းချကြပြီး ကုန်စိမ်းရောင်းချသူများက ခြံ (သို့) အိမ်အရောက်လာရောက်ဝယ်ယူကြကြောင်း၊  ဆူးပုတ်ကြီးလှိုင်လှိုင်ထွက်ချိန်တွင် တစ်ပိဿာလျှင် (၂၀၀၀ - ၂၅၀၀) ကျပ်ခန့်စျေးရရှိပြီး နောက်ပိုင်းတွင် တစ်ပိဿာလျှင် (၃၀၀၀ - ၄၀၀၀) ကျပ်စျေးအထိရရှိကြောင်း၊  တစ်နှစ်လျှင် ဆူပုတ်ကြီးတစ်ဧကမှာ (၂၅) သိန်းခန့်အကျိုးအမြတ်ရရှိသဖြင့် တစ်နိုင်တစ်ပိုင်ဆူးပုတ်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေများတိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)