Packing Machine များထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော Machine City ကုမ္ပဏီသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၌ တောင်ငူခရိုင်အတွင်းရှိ မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ၎င်းတို့ကုမ္ပဏီမှထုတ်လုပ်သည့် ထုပ်ပိုးစက် (Packing Machine) များနှင့်ပတ်သက်၍ ရှင်းလင်းပြသခဲ့ပါသည်။
အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ Machine City ကုမ္ပဏီမှ ဦးရဲမြင့်ဦးက ၎င်းတို့ကုမ္ပဏီမှထုတ်လုပ်သည့် ထုပ်ပိုးစက် (Packing Machine) များအကြောင်းကို Power Point ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။
Machine City ကုမ္ပဏီမှဖြန့်ဖြူးရောင်းချသည့် သာမန်အိတ်ပိတ်စက်များတွင် လက်ဖိစက်နှင့်ခြေနင်းစက် စသည်တို့ရှိရာ အမျိုးအစားပေါ်မူတည်၍ တစ်လုံးလျှင် ၂၀၀၀၀ကျပ်မှ ၅၀၀၀၀ကျပ်အထိရှိပါသည်။ ၎င်းစက်များမှာ ထုပ်ပိုးအိတ်ခွံများကို သားရေကြိုးစည်းသည့်စနစ်မှ စက်ဖြင့် စနစ်တကျသေသပ်လှပစွာပိတ်နိုင်မည်ဖြစ်ပါသည်။ ခြေနင်းစက်တစ်မျိုးမှာ တန်ဖိုးအားဖြင့် ၄၀၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်အထိရှိပြီး အကြမ်းခံနိုင်သဖြင့် ၎င်းစက်ကို လုပ်ငန်းရှင်များစိတ်ပါဝင်စားသည်ကိုတွေ့ရပါသည်။
ပြည်ပပို့ကုန်အဖြစ် အဆင့်မီသေသပ်လှပစွာထုပ်ပိုးနိုင်သည့် ရင်ခွဲအိတ်ပိတ်စက်မှာ တန်ဖိုးအားဖြင့် ၁၆၅၀၀၀၀ကျပ် (ကျပ်တစ်ဆယ့်ခြောက်သိန်းငါးသောင်း) ခန့်ရှိရာ လုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံရန် စဉ်းစားရမည့်အပြင် မုန့်ဖတ်ခြောက်များ၏ သဘောသဘာဝအရ အခြားစားသောက်ကုန်များနှင့်မတူညီသဖြင့် မုန့်ဖတ်ခြောက်များထုပ်ပိုးနိုင်ရန် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုတွေ့ရှိရပါသည်။ ဘေးအိတ်ပိတ်စက်မှာ တန်ဖိုးအားဖြင့် ၁၂၀၀၀၀၀ကျပ် (ကျပ်သိန်း၁၂၀) ခန့်ရှိပြီး မုန့်ဖတ်ခြောက်အတွက် ပိုမိုသင့်လျော်ကြောင်း လုပ်ငန်းရှင်များကဆိုပါသည်။
Packing Machine ဝယ်ယူခြင်းနှင့်ပတ်သက်၍ အရစ်ကျစနစ်ဖြင့် ကုမ္ပဏီ၏ဆောင်ရွက်ပေးနိုင်မည့်ကိစ္စကို လုပ်ငန်းရှင်များကမေးမြန်းရာ ကုမ္ပဏီက ငွေကြေးလည်ပတ်မှုအခက်အခဲကြောင့် လုပ်ငန်းရှင် ၃ဦးအထိကို ၆၀ရာခိုင်နှုန်းငွေချေပြီး ကျန်သည့် ၄၀ရာခိုင်နှုန်းကို တစ်လလျှင် ၂၀ ရာခိုင်နှုန်းစီပေးသွင်းရမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်ကို သိရှိရပါသည်။
Machine City မှထုတ်လုပ်သည့် ထုပ်ပိုးစက် (Packing Machine) များနှင့်ပတ်သက်၍ ရှင်းလင်းပြသခြင်းအခမ်းအနားသို့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများနှင့် တောင်ငူမြို့နယ်မှ မုန့်ဖတ်ခြောက်လုပ်ငန်းရှင် ၇ဦးတက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
DOCA(ပဲခူး)