မကွေးတိုင်းတောင်သူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် သီးနှံစုပေါင်းရောင်းချပွဲသို့ ဈေးနှုန်းဈေးကွက်အခြေအနေသိရှိရန် (၂၇.၇.၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် စလင်းမြို့၊ ရွှေမန်းကဇာတ်ရုံရှိ ရောင်းဝယ်ရေးစင်တာသို့ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဆန်းလင်းမောင်နှင့်ဝန်ထမ်းများ သွားရောက်လေ့လာခဲ့ပါသည်။
မကွေးတိုင်းတောင်သူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စလင်းမြို့ရှိ ဝယ်ယူရေးစင်တာကို (၁.၇. ၂၀၂၃)နေ့မှ စတင်ဖွင့်လှစ်ဝယ်ယူပြီး (၃၁.၇.၂၀၂၃)ရက်နေ့ထိ ဝယ်ယူသွားမည်ဖြစ်ပါကြောင်း၊ ဝယ်ယူရေးစင်တာသို့ စလင်းမြို့ တောင်ဘက်တောစိမ့်၊ကူတို၊မကျီးပင်ပု၊ ကြူစန်းကျေးရွာရှိ တောင်သူများနှင့် စလင်းမြို့အနောက်ဘက် ပေါင်းတူး၊ မြေနီကုန်း၊ ဆင်ကျုံးကျေးရွာရှိ တောင်သူများစသည့် ကျေးရွာ(၁၅)ရွာမှ တောင်သူများ လာရောက်ရောင်းချကြောင်း သိရှိရပါသည်။
အဖွဲ့အနေဖြင့် တောင်သူများထံမှ ဝယ်ယူရာတွင် နှမ်းနက်(စမုံ)၊ သိပ္ပံနှမ်းနက်နှင့် နှမ်းဖြူ (ဂျပန်)ဖြစ်ကာ နှမ်းတစ်မျိုးခြင်းအလိုက် Grade A၊ B၊ C ခွဲခြားသတ်မှတ်၍ ဝယ်ယူကြောင်း၊ Grade Aနှင့် Bတွင် နှမ်း(၁)တင်းလျှင် (၂၀၀၀)ကျပ်ခန့်နှင့် GradeC တွင် (၄၀၀၀)ကျပ်ခန့် ဈေးနှုန်းကွာခြားမှုရှိကြောင်းနှင့် နှမ်း(အခြား)သတ်မှတ်ရာတွင် (၁)တင်းလျှင်(၁၀၀၀၀)ကျပ်ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။
နှမ်းအမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများ အသီးသီးကွာခြားမှုရှိကြောင်းတွေ့ရှိရပြီး စင်တာအနေဖြင့် (၁)ရက်လျှင် တင်း(၁၀၀)မှ (၁၂၀)ခန့် ဝယ်ယူရပြီး ယနေ့ထိ (၃၂၀၀) တင်းခန့် ဝယ်ယူပြီးဖြစ်ကြောင်း၊ ဝယ်ယူပြီးနှမ်းများကို မန္တလေးရှိ Exporter ထံသို့ တင်ပို့ရကြောင်း၊ စလင်းမြို့မှ မန္တလေးမြို့သို့တင်ပို့ရာတွင် ကားသယ်ယူခ နှမ်း(၁)ပိဿာလျှင် (၅၈)ကျပ်နှုန်းဖြင့် (၆)ဘီးကား(၁)စီးလျှင် နှမ်းအိတ်ရေ(၂၂၀)အိတ်ထိ တင်ပို့နိုင်ပြီး ယနေ့နှမ်း(၁)တင်း ဝယ်ဈေးအနေဖြင့် Aထိပ်စ (၁)တင်းလျှင်(၁၂၂၀၀၀)ကျပ်နှင့် နှမ်းနက်(စမုံ) (၁၁၆၀၀၀)ဖြစ်ကြောင်း အဝယ်တာဝန်ခံဦးမြင့်ဆွေထံမှသိရှိရပါသည်။
DOCA (မကွေး)