Main menu

အိန္ဒိယနိုင်ငံ၌ ကြက်သွန်နီအဝင်များသော်လည်း ဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီများ ဈေးကွက်သို့ဝင်ရောက်မှုမှာ လစဉ်အလိုက်၊ နှစ်စဉ်အလိုက် စံချိန်တင်ကုန်အဝင်များ ရှိခဲ့သော်လည်း ဈေးနှုန်းများသည် ယခင်လထက် ၂၈% မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၊ Agmarknet ၏ စာရင်းများအရ ကြက်သွန်နီ အဓိက ရောင်းဝယ်သော Lasalgaon ဈေးကွက်၌ ဇူလိုင်လ ၈ ရက်နေ့တွင် တစ်ကွင်တယ် (၁၀၀ ကီလို ဂရမ်) လျှင် ၁၃၄၀ ရူပီးနှုန်း ရှိရာမှ ယခုလတွင် ရူပီး ၁၇၂၅ သို့ မြင့်တက်လာခဲ့ကြောင်း အိန္ဒိယ နိုင်ငံတစ်ဝှမ်းရှိ လယ်ယာထွက်ကုန်ရောင်းချရေးကော်မတီ (APMC) ကုန်စည်ဒိုင်များသို့ ဇူလိုင် ၁ ရက်နေ့နှင့် ဩဂုတ်လ ၇ရက်အကြား ကြက်သွန်နီအဝင်မှာ တန်ချိန် ၂၂.၃၃ သိန်းဖြင့် စံချိန်တင် အဝင်ရှိခဲ့ပြီး ယခင်နှစ်ကာလတူတွင် တန်ချိန် ၁၈.၂၅ သိန်းရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ယခုဇွန်လတွင် ကုန်ဆုံးခဲ့သော ၂၀၂၂-၂၀၂၃ ခုနှစ် သီးနှံရာသီအတွင်း ကြက်သွန်နီ ထုတ်လုပ်မှုမှာ တန်ချိန် ၃၁.၀၁ သန်းရှိခဲ့ကြောင်း၊ ယခင်နှစ်၌ တန်ချိန် ၃၁.၆၉ သန်း ရှိခဲ့ကြောင်း၊ စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ ကြက်သွန်နီဈေးနှုန်းများမှာ ယခင်လ၌ ၁ ကီလိုဂရမ်လျှင် ၂၆.၂၁ ရူပီးနှုန်း ရှိခဲ့သော်လည်း ယခုလတွင် ၂၇.၇ ရူပီးနှုန်းဖြင့် ၅% အထိ မြင့်တက်ခဲ့ကြောင်း၊ နှစ်အလိုက် နှိုင်းယှဉ်ပါက ဈေးနှုန်း ၁၅% မြင့်တက်ခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

ဥယျာဉ်ခြံထွက်ကုန် တင်ပို့သူများအသင်း (HPEA) ၏ ဥက္ကဋ္ဌ Ajit Shah က ပြည်တွင်းဝယ်လိုအား ကောင်းမွန်နေ၍ ယခင်အပတ်ထက် ကြက်သွန်နီ ၁ ကီလိုဂရမ်လျှင် ၃ ရူပီးမှ ၄ ရူပီးနှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ သိုလှောင်ရုံအတွင်းရှိ ကြက်သွန်နီများ၏ အရည်အသွေးမှာ ကောင်းမွန်သော်လည်း သယ်ယူပို့ဆောင်ရာတွင် ထိခိုက်ပျက်စီးမှုအချို့ရှိကြောင်း ပြောဆိုပါသည်။

လယ်ယာထုတ်ကုန်တင်ပို့သူများအသင်း (ACEA) ၏ ဥက္ကဋ္ဌ  M Madan Prakash ကလည်း ဈေးကွက်သို့ ဝင်ရောက်လာသော ကြက်သွန်နီများမှာ အရည်အသွေး ကောင်းမွန်မှုမရှိသော်လည်း ဈေးနှုန်းများ ကြီးမြင့်နေခြင်းဖြစ်ကြောင်း၊ မဟာရဋ္ဌပြည်နယ်တွင် ဧပြီ - မေလများ၌ မိုးရွာသွန်းမှုများကြောင့် သီးနှံများထိခိုက်ပျက်စီးနိုင်ခြေရှိကြောင်းဖြင့် ပြောကြားခဲ့သည်။

Nashik မှ တင်ပို့သူ Vikas Chaudhary က ယခင်ရက်သတ္တပတ်နှစ်ပတ်အတွင်း မှစ၍ ကြက်သွန်နီ၏ အရည်အသွေးအပေါ်မူတည်၍ တစ်ကွင်တယ်လျှင် ၁၆ ရူပီး မှ ၂၅ ရူပီးအထိ မြင့်တက်ခဲ့ကြောင်း၊ ကြက်သွန်နီ ပြည်ပတင်ပို့ရန် ဝယ်လိုအားမှာ နည်းပါးလျက်ရှိကြောင်း၊ အထူးသဖြင့် ပင်လယ်ကွေ့နိုင်ငံများနှင့် ကိုလံဘို (သီရိလင်္ကာ)ကဲ့သို့ ကမ္ဘာ့ဈေးကွက်များတွင် ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း၊ ပါကစ္စတန်သည်ပင် ယှဉ်ပြိုင်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ယခုလတ်တလောတွင် ပြည်ပဈေးကွက်သို့ တင်ပို့မှုမရှိကြောင်း၊ ကာနာတကာပြည်နယ်၏ ကြက်သွန်နီသီးနှံများ ဈေးကွက်သို့ ဝင်ရောက်ပါက ၁၅ ရက်မှ ၂၀ ရက်ခန့် ရက်အတွင်း ဈေးနှုန်းများ တည်ငြိမ်သွားနိုင်ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးမှု နောက်ကျ၍ ကုန်အဝင်နောက်ကျနိုင်ကြောင်းဖြင့် ပြောကြားခဲ့သည်။

Agmarknet ၏ အချက်လက်များအရ လက်ရှိကြက်သွန်နီဈေးနှုန်းများမှာ ၂၀၂၁ ခုနှစ်ကအတိုင်း တည်ငြိမ်သောနှုန်းထားများရှိသော်လည်း ၂၀၁၇ ထက် လျော့နည်းလျက်ရှိကြောင်း ဖော်ပြထားသည်။

Source: The Hindu Business Line, 8 Aug 2023