Main menu

စစ်ကိုင်းမြို့နယ်မှ စိုက်ပျိုးထွက်ရှိပြီး လူကြိုက်များသော တရုတ်ဆီးသီး (ခေါ်) လေခြူသီးများအကြောင်း တစေ့တစောင်း

Powered by Drupal

    တရုတ်ဆီးသီး (ခေါ်) လေခြူသီးများသည် စစ်ကိုင်းမြို့နယ်၌ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် အဖူးအပွင့်များစတင်ဖူးကြပြီး မတ်လတွင် အသီးကင်းလေးများဖြစ်ပေါ်ကာ ဧပြီလနှင့်မေလတို့တွင် တဖြည်းဖြည်းကြီးထွားလာပါသည်။ ဇွန်လ၊ ဇူလိုင်နှင့်ဩဂုတ်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ခူးဆွတ်ကာ ရောင်းချကြောင်းသိရှိရပါသည်။ တရုတ်ဆီးသီး (ခေါ်) လေခြူသီးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ သဲနုန်းဆန်သောမြေအမျိုးအစားဖြစ်ပြီး ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်းသိရပါသည်။ ပျိုးပင်တစ်ပင်လျှင် ၁၀၀၀ဝိ/-ကျပ်ခန့်ဖြင့်ဝယ်ယူပြီး ကျင်းတူး၍စိုက်ပျိုးကြောင်း၊  အပင်စိုက်ပျိုးချိန်မှာ သုံးနှစ်မှ ငါးနှစ်အကြားတွင် အသီးများကိုခူးဆွတ်ရောင်းချနိုင်ကြောင်း သိရပါသည်။ ယခုအချိန်၌ စစ်ကိုင်းဒေသထွက်တရုတ်ဆီးသီး (ခေါ်) လေခြူသီးများသည် ရာသီဥတုကောင်းမွန်သောကြောင့် ဈေးကွက်များတွင် အများအပြားခူးဆွတ်ရောင်းချကြောင်းသိရပါသည်။

  စစ်ကိုင်းမြို့နယ်ရှိ ဘော်ဂါရပ်ကွက်၊ နန္ဒဝန်ကွက်သစ်ရပ်ကွက်၊ ချင်းစုရပ်ကွက်၊ ဒါးဝယ်ဈေးရပ်ကွက် အစရှိသော ရပ်ကွက်များတွင် တရုတ်ဆီးသီး (ခေါ်) လေခြူသီးကို အိမ်တိုင်းတွင် စိုက်ပျိုးကြပါသည်။ တစ်အိမ်လျှင် အနည်းဆုံး သုံးပင်မှ ငါးပင်အထိစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် တစ်ပင်လျှင် (၅၀) ပိဿာခန့်ထွက်ရှိပြီး ယခင်နှစ်ထက် (၁၀) ပိဿာခန့်ပိုမိုထွက်ရှိကြောင်း၊ လက်ကားရောင်းဈေးမှာ တစ်ပိဿာလျှင် ၄၀၀ဝိ/-ကျပ်ဈေးဖြင့်  တစ်ပင် (၂၀၀၀၀ဝိ/-) ကျပ်ခန့် ဝင်ငွေရရှိကြောင်း၊ လက်လီရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် (၅၀၀ဝိ/- - ၇၀၀ဝိ/-) ပြန်လည်ရောင်းချကြောင်း၊ စစ်ကိုင်းမြို့အတွင်းရောင်းချကြောင်း၊  ရာသီဥတုကောင်းမွန်ပြီး မိုးလေကင်းသောအခါ အသီးနှုန်းပိုမိုထွက်ရှိပြီး ဝင်ငွေပိုမိုရရှိကြောင်း၊ ရာသီဥတုမကောင်းမွန်သည့်အခါ အသီးထွက်နှုန်းနည်းသွားပြီး ဝင်ငွေလည်းနည်းပါးသွားကြောင်း၊ နှစ်ရှည်သီးပင်ဖြစ်သောကြောင့် မိသားစုတစ်နိုင်တစ်ပိုင်အပိုဝင်ငွေရရှိသောသီးနှံဖြစ်ပြီး စစ်ကိုင်းမြို့နယ်မှ တရုတ်ဆီးသီး (ခေါ်) လေခြူသီးသည် မြန်မာပြည်တစ်ဝန်းလုံး၌ အလွန်နာမည်ကြီးပြီး လူကြိုက်များသောအသီးအနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)