မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲအား (၃.၈.၂၀၂၃)ရက်နေ့ ၊နံနက် (၀၉:၀၀)နာရီတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ခေါင်းဆောင်ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသောင်းဟိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှု သည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး ကိုယ်ကျင့်တရားပျက်ယွင်းခြင်းသာ ဖြစ်ကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေမည်ဖြစ်ကြောင်း အဂတိလိုက်စားမှုကြောင့် အရေးယူအပြစ်ပေးခြင်းခံရပါက မိမိနှင့် မိမိပတ်ဝန်းကျင်၊ မိမိမိသားစု ဂုဏ်သိက္ခာကျဆင်းစေပြီး လူမှုရေးအရလည်း ထိခိုက်နစ်နာမှုဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ “ကာကွယ်ခြင်း သည် ကုသခြင်းထက်ကောင်းသည်” ဆိုသလို အဂတိလိုက်စားမှုမဖြစ်အောင် လုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကုန်သည်ကြီးများ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များ၊ အဖိုးတန်သတ္တု(ရွှေ)လုပ်ငန်းရှင်များ၊ တည်းခိုခန်းပိုင်ရှင်များ သိရှိရန်အတွက် ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့ မှူးကိုယ်စား ရဲမှူးသန်းဆောင်က အဂတိလိုက်စားမှုဆိုင်ရာ သိကောင်းစရာများ၊ ဥပဒေ၊ ပုဒ်မများနှင့် အရေးယူမှုအပိုင်းများကိုလည်းကောင်း၊ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က အဂတိလိုက်စားမှု ပုံစံများနှင့် အမျိုးအစားများ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသည့် နစ်နာမှုများနှင့် အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များ၊ ဥပဒေအကြောင်းအရာများကို လည်းကောင်း၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ (CPU)အဖွဲ့ဝင် ခရိုင် ပြည်တွင်း အခွန်များဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ရေး နည်းလမ်းများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကြောင်းအရာများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ ခရိုင်/မြို့နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကုန်သည်ကြီးများ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များ၊ အဖိုးတန်သတ္ထု (ရွှေ)လုပ်ငန်းရှင်များ၊ တည်းခိုခန်းပိုင်ရှင်များ၊ စုစုပေါင်း (၂၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)