စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ (၁၀-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဦးနှင့် ဆန်စပါးကုန်သည်များအသင်း၊ ကရင်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဦးက ဆန်စပါးကုန်သည်များအသင်း၊ ကရင်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါဝင်သော စီးပွားရေးလုပ်ငန်းရှင်ဘက်က လိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များနှင့်စပ်လျဉ်း၍ စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင်ပါဝင်သော ဖော်ပြချက်နှင့်ကိုက်ညီမှုရှိခြင်း စသည့်ဖော်ပြရမည့်အချက်များကို သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်းကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး ဆက်လက်၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ကရင်)