စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုင်းလုံးရပ်ကွက်၊ Royal Village စားသောက်ဆိုင်၌ ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(၉)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များအားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်စပ်လျဉ်း၍ ဌာနမှဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များအားလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနကဆောင်ရွက်ပေးနေရသည့်အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်ရသည့်အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စက်မှုထုတ်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်အရည်အသွေးမြင့်မားစွာတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးထုတ်ကုန်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့အတွက် အသိပညာပေးနေမှုများအားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ ကုန်သည်၊ လုပ်ငန်းရှင်၊ အသင်းအဖွဲ့များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ဌာနအနေဖြင့် လိုအပ်သောအချက်အလက်များကို လိုအပ်သလို ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတို့ကိုဆွေးနွေးခဲ့ရာ တက်ရောက်လာသောလုပ်ငန်းရှင်များကလည်း လတ်တလောဒေသအခြေအနေအရ ကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအားလုံးကိုဆောင်ရွက်ရာတွင် အခက်အခဲရှိပါကြောင်း၊ ကူးသန်းရောင်းဝယ်မှုပြုရာတွင် ပိုမိုခက်ခဲပါကြောင်း၊ နိုင်ငံရေးနှင့်စီးပွားရေးသည် ချိတ်ဆက်ပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်မှုနည်းပါးပါကြောင်း၊ ပြည်နယ်အတွင်း စားသုံးဆီအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချနိုင်ရေး အသင်းဝင်များနှင့်ညှိနှိုင်းဆွေးနွေးတိုင်ပင်လျက်ရှိပါကြောင်း၊ ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အစိုးရဌာန၊ အသင်းအဖွဲ့များနှင့်မိမိတို့ စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု အသီးသီးပြန်လည်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)