Main menu

ဝါဆိုလ လှိုင်လှိုင်ပေါ်နေပြီဖြစ်သော သစ္စာပန်း

Powered by Drupal

     မိုးရာသီသည် သီးနှံလှိုင်လှိုင်ပေါ်သော ကာလတစ်ခုဖြစ်သည့်အပြင် ၊ ပန်းများပေါများ လှသောကာလတစ်ခု ဖြစ်ပါသည်။ ပန်းဆိုလျှင် ဘုရားလှူရာတွင်သာမက အလှပန်းအိုးများ၊ အမျိုးသမီးများ အလှပန်ရာတွင်လည်း အသုံးပြုကြသည်။

   မိုးရာသီတွင် လှိုင်လှိုင်ပေါ်သော ပန်းများအနက် သစ္စာပန်းသည်မေ့ထား၍ မရသော ပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းများစွာထဲတွင် သစ္စာပန်းသည် ထူးခြားသော ပန်းတစ်မျိုးဖြစ်ပါသည့်အပြင် မြန်မာလူမျိုးတို့ ဝါဆိုလတစ်လလုံး အထွတ်အမြတ်ထား၍ ဗုဒ္ဓဘုရားရှင်အား လှုဒါန်းသော ပန်းတစ်မျိုးလဲဖြစ်ပါသည်။

    သစ္စာပန်းသည် သမာဓိ၊ ခွန်အား၊ စွမ်းအားနှင့် စိတ်အားထက်သန်မှု၊ လေးစားမှု ၊ အမှတ်တရများ၊ ချစ်မြတ်နိုးမှု၊ ဉာဏ်ထက်မြက်ခြင်းနှင့် စိတ်ဓာတ်ခိုင်မာမှုကို  ကိုယ်စားပြုသော ပန်းလဲဖြစ်ပါသည်။

  သစ္စာပန်းသည် ဥမှ အပင်ပေါက်၍ အပွင့်ပွင့်သော ပန်းမျိုးစိတ်ဖြစ်ပါသည်။ သစ္စာပန်းဉကို မြေကွက်လပ်တွင် မြေချစိုက်ပါက ၄လက်မ(သို့) ၈လက်မ တူး၍ ပန်းဉကို မြေမြုပ်စိုက်ပျိုးရပါသည်။ စိုက်ပျိုးပြီးနောက် အပင်အတက်များ ထွက်လာလျှင် မြေဆွပေးရပါသည်။ အရွက်လေးရွက် ထွက်‌ရှိလာသည့်အချိန်တွင် တဖန်ထပ်၍ မြေဆွပေးရပါသည်။ နောက်တစ်ကြိမ် ငါးရွက်၊ ခြောက်ရွက် ထွက်လာချိန်၌လည်း မြေကိုထပ်ဆွပေးရပါသည်။ အရွက်၇ ရွက် ထွက်သည့်အခါ အဖူးတံပါ တစ်ပါတည်း ထွက်လာမည်ဖြစ်၍ မြေထပ်ဆွရန် မလိုအပ်တော့ပါ။ ပန်းဥပျိုးနေစဉ်ရေကို ပုံမှန်လောင်းပေးရန်လည်း လိုအပ်ပါသည်။ အဖူးတံရှိအောက်ဆုံးအဖူး၏ ပွင့်ဖတ်များမှစ၍ ပွင့်ချပ်အဖူးအငုံများထွက်လာသည်နှင့် တစ်ပြိုင်နက် ပန်းများကို ခူးဖြတ်ပေးရပါသည်။ ပန်းခူးလျှင်မြေကြီးမှ လေးလက်မ ခန့်ခွာ ၍ဖြတ်ပေးရပါသည်။ သစ္စာပန်းသည် ဥတစ်ဥလျှင် တစ်ခိုင်သာ ရနိုင်ပါသည်။ သစ္စာပန်းသည် ဈေးကွက် အခိုင်အမာရရှိပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်ရရှိသောစိုက်ပျိုးရေး လုပ်ငန်း တစ်ခုဖြစ်ပါသည်။ ထိုသို့စိုက်ပျိုးပုံစိုက်ပျိုးနည်း အဆင့်ဆင့်နှင့်တကွ ခူးယူပုံများကို သစ္စာပန်းစိုက် တောင်သူတစ်ဦးထံမှ အသေးစိတ်သိရှိရပါသည်။

     ဈေးကွက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်သို့ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်မြို့များမှ သစ္စာပန်းများ ဝင်ရောက်လျက်ရှိရာ  ညောင်လေးပင်မြို့မဈေးတွင် သစ္စာပန်းခိုင် (၅)ခိုင်ပါတစ်စီးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်ထိရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)