ပခုက္ကူမြို့မှထွက်ရှိသော ဒေသထွက်ကုန်များမှာ မုန့်ဩဇာ၊ မုန့်ပေါက်ခေါင်း၊ မန်ကျည်း ဖျော်ရည်၊ ဆီးဖျော်ရည်၊ မုန့်ကြက်ဥ၊ အုန်းဖြင့်ပြုလုပ်သော အုန်မန်ကူ၊ ပုန်းရည်ကြီး၊ ထန်းလျက် စသည့်အစားအစာများထွက်ရှိပါသည်။ ဒေသထွက်ကုန်များထဲမှ အုန်းမန်ကူမုန့်မှာ အလွန်ထင်ရှားလှပါသည်။ အုန်းမန်ကူမုန့်ကို အမှတ်(၉)နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အများဆုံးပြုလုပ်ကြပါသည်။
အုန်းမန်ကူမုန့်ကို အုန်းသီးနှင့် သကြားတို့ကို အချိုးအစားညီမျှစွာထည့်၍ ပြုလုပ်ရပါသည်။ အုန်းမန်ကူမုန့်ပြုလုပ်ရာတွင် ပခုက္ကူဒေသမှအုန်းမှာ အနည်းငယ်သာထွက်ရှိသောကြောင့် မြန်မာပြည်အောက်ပိုင်းဒေသများမှထွက်ရှိသော အုန်းများကို အများဆုံးအသုံးပြုရကြောင်း၊ အုန်းသီးတစ်လုံးလျှင် (၁၂၀၀)ကျပ်ဈေးဖြင့် ဝယ်ယူရပြီး တစ်လလျှင် အလုံးရေ ၅၀၀ခန့် ပြုလုပ်ရကြောင်း၊ တစ်နေ့လျှင် အလုံး(၂၀)ခန့်ပြုလုပ်ရကြောင်း၊ မိုးအေးလျှင် ပြုလုပ်၍မရကြောင်း၊ ရာသီဥတုအပေါ်မူတည်၍ မုန့်ကိုပြုလုပ်ရကြောင်း အုန်းမန်ကူလုပ်ငန်းရှင်ထံမှသိရှိရပါသည်။
အုန်းမန်ကူမုန့်ပြုလုပ်ရာတွင် အုန်းသီးအပေါ်ယံအခွံမာများကို ပထမဦးစွာခွာရကာ ရရှိလာသောအုန်းသီးမှ အပေါ်ယံအမဲခွံများကို ပြောင်းစင်အောင်ခွာပြီး လေးစိတ်ချမ်း၍ ရေဖြင့် ဖွေးနေအောင် ဆေးကြောသန့်စင်ရပါသည်။ ရရှိလာသောအုန်းသီးစိတ်များကို စက်ဖြင့်ခြစ်ရကြောင်း၊ ရရှိလာသောအုန်းဆံမျှင်ကလေးများကို ကျိုထားသောသကြားရေပွက်ပွက်ထဲသို့ထည့်ကာ အခြာက်ခံရပြီး အုန်းမန်ကူမုန့်အခုလေးများရရှိလာပါသည်။ အုန်းမန်ကူမုန့်များကို တစ်ဘူးလျှင် (၄)ခုစီထည့်ပြီး (၈၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ အုန်းမန်ကူမုန့်များကို အဓိကဖြန့်ဖြူးသောနေရာဒေသများမှာ ပခုက္ကူ၊ မြင်းခြံ၊ ပုဂံညောင်ဦးဒေသများသို့ ဖြန့်ဖြူးရောင်းချနေရကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။
DOCA(မကွေး)