ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်၊ နွယ်ခွေရပ်ကွက် မြရတနာလမ်းရှိ လုပ်ငန်းရှင် ဦးဆန်းထူး၏ ဆပ်ပြာကုန်ကြမ်းလုပ်ငန်း ထုတ်လုပ်မှု့အား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းတို့သည် ၁၄.၈.၂၀၂၃ရက်နေ့တွင် ဆပ်ပြာ ကုန်ကြမ်း ထုတ်လုပ်ရာ အလုပ်ရုံသို့ သွားရောက်လေ့လာခဲ့ပါသည်။
လုပ်ငန်းရှင် ဦးဆန်းထူးသည် ဆပ်ပြာကုန်ကြမ်းလုပ်ငန်းကို (၁၅)နှစ်ခန့် လုပ်ကိုင်ခဲ့ရာ မိသားစု အိမ်ထောင်စု(၄)စုကို အလုပ်ရုံတွင်ထားရှိပြီး လုပ်ကိုင်လျက်ရှိပါသည်။ ဆပ်ပြာကုန်ကြမ်း ထုတ်လုပ်ရာတွင် အလုပ်ရုံ(၃)ရုံ၌ ဖို(၁၅)ဖိုဖြင့် လုပ်ငန်းကောင်းလျှင် ကောင်းသလို လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။ ဆပ်ပြာကုန်ကြမ်းထုတ်လုပ်ရာတွင် ဆန်စက်မှ ထွက်ရှိလာသော စပါးခွံကို အဓိကထားပြီး အသုံးပြုရပါသည်။
ထုတ်လုပ်ပုံအဆင့်ဆင့်မှာ စပါးခွံများကို ဖွဲမီးဖိုများဖြင့် အသုံးပြု၍ ထွက်လာသော ဖွဲပြာများကို ကော့စရစ်ဆိုဒါ( coustic soda) လို့ခေါ်တဲ့အမှုန့် (25kg) အိတ်ကို ပေပါတစ်လုံးထဲတွင်ရေနှင့် ကော့စရစ်ဆိုဒါထည့်ဖျော်ထားပြီး ခွက်ချဉ်ဖြင့်ထည့်၍ ပေါင်းခံရပါသည်။ ထွက်လာသောအရည် ကြည်ကို ဂျပ်ခုတ်စောင်ဖြင့် စစ်ယူ၍ ကန်တော့ပုံသဏ္ဍန်ပုံစံခွက်ဖြင့်ပြုလုပ်ကာ ပေါင်းရေကို ထည့်ပြီး အရည်ကြည်ရအောင်စစ်ရပါသည်။
ထွက်လာသောအရည်ကြည်ကို သံပေပါထဲသို့ ထည့်ပြီး မီးဖိုပေါ်တွင် (၁) နာရီခွဲ (၂) နာရီ ကြာ ပျစ်လာသည်အထိကျိုပြီး အရည်ပျစ်လာလျှင် ဆပ်ပြာကုန်ကြမ်းကို ရရှိပါသည်။ ၎င်းကို အအေးခံပြီး (၁၇၀) ပိဿာ၊ (၁၈၀) ပိဿာ ဆန့်သောပေပါ ပုံးထဲသို့ ထည့်ရပါသည်။ ဆပ်ပြာ ကုန်ကြမ်းကို ရန်ကုန်၊ မြောင်းတကာ ဆပ်ပြာစက်ရုံများသို့ ပေပါ (၃၀) ဆန့် ကားတစ်စီးဖြင့် တင်ပို့ရပြီး ပေပါ တစ်လုံးလျှင် သယ်ယူခအပါ (၈၀၀၀၀)ကျပ်ရရှိပါသည်။ ဆပ်ပြာကုန်ကြမ်း တစ်ဖိုလျှင် (၅) ပေပါ ထွက်ရှိပြီး စပါးခွံအနေဖြင့် (၆)ဘီးကားတစ်စီးကို ကော့စတစ်(25kg)အိတ် (၄) အိတ်ခန့်ကုန်ကျပါသည်။ ဆပ်ပြာကုန်ကြမ်းအရည်များကို လူသုံးကုန်ပစ္စည်းဖြစ်သော ဆပ်ပြာခဲ(ဥပမာ) ရွှေဝါ ဆပ်ပြာခဲများ ပြုလုပ်ရာတွင် အသုံးပြုကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)