ပြည်ခရိုင်အနေဖြင့် ယခုဩဂုတ်လပထမပတ်တွင် မိုးနှမ်းများထွက်ပေါ်လာခြင်းမရှိသေးဘဲ နောက်လများဖြစ်သော စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ထွက်ပေါ်လာမည်ဖြစ်ပါသည်။ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် မိုးနှမ်းများ အထွက်အလှိုင်ဆုံးလများဖြစ်ကြောင်း သိရပါသည်။ မိုးနှမ်းကို တောင်သူများမှ အများဆုံးစိုက်ပျိုးကြပြီး ပြည်ခရိုင်အနေဖြင့် မိုးနှမ်းစိုက်ဧကမှာ (၅၄၆၅၈) ဧကရှိသည်ဟု သိရပါသည်။ ယခုအချိန်တွင် ပြည်ဈေးကွက်သို့ အခြားမြို့နယ်များဖြစ်သော ကြံခင်း၊ မြန်အောင်၊ မိုးညိုနှင့် နတ်တလင်းဘက်မှ နှမ်းနက်များကို တစ်ခါတင်ပို့လျှင် အိတ်(၁၀၀၀)ခန့်တင်ပို့ပြီး ပြည်ဈေးကွက်မှတစ်ဆင့် အောင်လံ၊ မကွေးနှင့် မန္တလေးသို့ တင်ပို့ ကြောင်း သိရပါသည်။ ပြည်ဒေသတွင် စားသုံးဆီဖူလှုံရန်အတွက် လှောင်နှမ်းလက်ကျန်များကိုသာ ထုတ်ယူသုံးစွဲကြောင်း သိရပါသည်။ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသော မိုးနှမ်းခင်းများမှာ ကောင်းမွန်မှုရှိကြောင်း သိရပြီး ထွက်ပေါ်ခါနီးတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ဖျက်ဆီးခြင်းမရှိပါက အထွက်နှုန်းများ ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရပါသည်။ ယခု ဩဂုတ်လ ပထမပတ်တွင် နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်၊ နှမ်းနက် (၃)တင်းတစ်အိတ်လျှင် (၃၂၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်း(၃)တင်းတစ်အိတ်လျှင် (၃၅၀၀၀၀) ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ဈေးဖွင့်၍ရောင်းချကြောင်း သိရပါသည်။ ဇူလိုင်လကုန် ပတ်တွင် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် (၂၇၀၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် (၃၃၀၀၀၀)ကျပ်ဖြစ်ခဲ့သဖြင့် ယခု ဩဂုတ်လပထမပတ်တွင် နှမ်းဈေးများ မြင့်တက်လာခဲ့ပါသည်။
ထို့ကြောင့် မိုးနှမ်းစိုက်တောင်သူများအနေဖြင့် မိုးနှမ်းများထွက်ပေါ်ချိန်တွင် အထွက်နှုန်းလည်းကောင်း၊ ဈေးနှုန်းလည်းကောင်းမည်ဆိုပါက အမြတ်အစွန်းများ ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။
DOCA(ပဲခူး)