ပြည်ဒေသ၏ဈေးကွက်တွင် မိုးမြေပဲစိုက်ပျိုးချိန်နှင့် ထွက်ပေါ်ချိန်မရှိသေးသော စပ်ကူးမတ်ကူးအချိန်ကာလများဖြစ်၍ ဝင်ရောက်မှုမရှိဘဲ ယခင်မြေပဲဆံလက်ကျန်များဖြင့်သာ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ မန္တလေးဝယ်လက်များနှင့် မြဝတီဝယ်လက်များက ဝယ်ယူမှုရှိသော်လည်း ပစ္စည်းပြတ်နေသဖြင့် အရောင်းအဝယ်အနည်းငယ်သာဖြစ်၍ ဒေသတွင်းသာ စားသုံးရန်နှင့် ဆီကြိတ်ခွဲရန်အတွက်သာရရှိကြောင်း သိရပါသည်။ ယခုဩဂုတ်လ ပထမပတ်တွင် ပြည်ပွဲရုံများ တွင် ရောင်းချသော မြေပဲဆံများမှာ မြေပဲဆီဆံ(အဖြူ) တစ်ပိဿာလျှင် (၆၅၀၀)ကျပ် ၊ ဆီဆံ (အနီ) တစ်ပိဿာလျှင် (၈၅၀၀)ကျပ်နှင့် လုံးဆံ(အဖြူ)တစ်ပိဿာလျှင် (၇၃၅၀)ကျပ်၊ လုံးဆံ (အနီ) တစ်ပိဿာလျှင် (၉၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ယခင်ဇူလိုင်လ နောက်ဆုံးပတ်တွင် မြေပဲဆီဆံ(အဖြူ)တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ ဆီဆံ(အနီ) တစ်ပိဿာ လျှင် (၇၀၀၀)ကျပ်နှင့် လုံးဆံ(အဖြူ) တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ လုံးဆံ(အနီ) တစ်ပိဿာလျှင် (၈၅၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခု ဩဂုတ်လပထမပတ်တွင် မြေပဲဆံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ မြေပဲဆီဈေးမှာလည်း ဩဂုတ်လ ပထမပတ်တွင် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)