ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် သင်္ဘောသီးတင်ပို့ရောင်းချမှုမှာ ယခုဩဂုတ်လ ပထမပတ်တွင် ဈေးနှုန်းများမြင့်တက်လျက်ရှိပါသည်။ သင်္ဘောပင်သည် အပူပိုင်းစားသည့် အပင်ဖြစ်၍ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသရှိ နေရာများတွင် စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့ အပြားတွင် စိုက်ပျိုးလျက်ရှိပါသည်။ သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင်ဟူ၍ အဓိက (၃)မျိုး ရှိပါသည်။ သင်္ဘောပင်စိုက်ပျိုးပြီး (၄/၅)လအကြာတွင် အသီးစတင်သီးပါသည်။ (၃)နှစ်သား အရွယ်အထိ အသီးအထွက်ကောင်းသည် မျိုးကိုလိုက်၍ တစ်ပင်လျှင် အသီး(၅၀)မှ (၁၀၀)အထိ သီးနိုင်ပါသည်။ သင်္ဘောသီးသည် ခန္ဓာကိုယ်အစိတ်အပိုင်းများစွာကို ကောင်းမွန်စေပြီး ရောဂါများစွာကိုလည်း ကာကွယ်နိုင်ပါသည်။ သင်္ဘောသီးတွင် ဗီတာမင်C နှင့် E အပြင် Anti-Oxidants ဓါတ်ကြောင့် အသားအရေပေါ်လူးပေးပါက အသားအရေပျက်စီးမှုကို ကာကွယ်ပေးပြီး အသားအရေကို နုပျိုလှပစေသောကြောင့် အလှကုန်ပစ္စည်းများတွင်အသုံးပြုလျက်ရှိပါသည်။ သင်္ဘောသီးတွင် ပါရှိသော Anti-Oxidants ကြောင့် ကင်ဆာများစွာကို ကာကွယ်ပေးနိုင်သည့်အပြင် အမျိုးသမီးများတွင်ဖြစ်တက်သော သားအိမ်ကင်ဆာဖြစ်စေသော HPV ဗိုင်းရပ်ပိုးကိုလည်း ကာကွယ်ပေးနိုင်သည်။ သင်္ဘောသီးသည် နေ့စဉ်စားသုံးနေကြအစားအစာများတွင် တစ်ခုမဟုတ် တစ်ခု ပါဝင်နေပါသည်။ အသုပ်မျိုးစုံ၊ အထောင်းမျိုးစုံတို့တွင်လည်း မပါမဖြစ်ပါဝင်ပါသည်။ ပြည်မြို့ ဈေးကွက်သို့ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ရွှေတောင်၊ ပန်းတောင်းတို့မှ အများဆုံးဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် မိုးနှောင်းကာလတွင် သင်္ဘောသီးအထွက်တိုး၍ တစ်လုံးလျှင် (၂၀၀-၅၀၀)ကျပ်အထိ ရှိတတ်ပြီး နွေရာသီနှင့် မိုးဦးရာသီတွင်အထွက်နှုန်းလျော့ကျ၍ တစ်လုံးလျှင် (၈၀၀)ကျပ် မှ (၁၅၀၀)ကျပ်အထိ ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)