ပဲနောက်ကို ပြည်ခရိုင်အတွင်း ဧကများစွာစိုက်ပျိုးခြင်းမရှိဘဲ ပေါက်ခေါင်းမြို့နယ်တွင်သာ ဧကအနည်းငယ်စိုက်ပျိုးကြောင်း သိရပါသည်။ ပဲနောက်ကို မိုးဦးကာလများတွင် စတင်စိုက်ပျိုးပြီး (၃)လအကြာ မိုးလယ်ကာလတွင် စတင်ထွက်ရှိပါသည်။ ပဲနောက်အထွက်နှုန်းမှာ ယခင်နှစ်ထက်စာလျှင် အထွက်နှုန်းနည်းကြောင်း သိရှိရပြီး သွင်းအားစုများကို ပုံမှန်အသုံးပြုသော်လည်း မြေဆီ၏ သဘောသဘာဝအရ ယခင်နှစ်ကအထွက်နှုန်းကောင်းခဲ့ပြီး ယခုနှစ်တွင် အထွက်နှုန်းနည်းရခြင်းဖြစ်ပါသည်။ တစ်ဧကလျှင် (၁၀)တင်းနှုန်းခန့်ထွက်ရှိပြီး ကုန်ကျစရိတ်မှာ ကျပ် ၁၅၀၀၀၀နှင့် ၂၀၀၀၀၀ ဝန်းကျင်ကြား ကုန်ကျကြောင်း သိရပါသည်။ ပဲနောက်တစ်တင်းလျှင် ပဲအရည်အသွေးပေါ်မူတည်၍ အရည်အသွေးကောင်းလျှင် ကျပ်(၆)သောင်းခန့် အရည်အသွေး အနည်းငယ်ညံ့လျှင် ကျပ်(၅)သောင်း ဝန်းကျင်ခန့် နယ်ပွဲစားများမှ ဈေးပေးဝယ်ယူလျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)