ကသာမြို့နယ် ဒေသထွက် ခရမ်းချဉ်သီးများမှာ နှစ်စဉ် အောက်တိုဘာလမှ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ခူးဆွတ်ရောင်းချကြသည်။ ဒေသထွက် ခရမ်းချဉ်သီးများမှာ ဇွန်လခန့်မှစ၍ ဈေးကွက်အတွင်း လက်ကျန်နည်းပါးသွားသည့်အတွက် ယခုအချိန်တွင် မန္တလေးဈေးကွက်မှ ခရမ်းချဉ်သီးများ ကသာမြို့သို့ ဝင်ရောက်လျက်ရှိကြောင်းနှင့် ဈေးနှုန်းမှာ အထိုက်အလျောက် မြှင့်တက်မှုရှိကြောင်း သိရှိရသည်။
ကသာမြို့တွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဩဂုတ်လ ဒုတိယအပတ်အတွင်း ခရမ်းချဉ်သီး လက်လီတစ်ပိဿာ အလုံး အသေး/အကြီးပေါ် မူတည်၍ ကျပ် (၃၀၀၀မှ ၃၂၀၀) ထိရှိခဲ့ပြီး ဩဂုတ်လ တတိယအပတ်တွင် ခရမ်းချဉ်သီး လက်လီဈေးနှုန်းများမှာ တစ်ပိဿာ (၃၂၀၀ မှ ၃၅၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ဩဂုတ်လ ဒုတိယအပတ်နှင့် တတိယအပတ် ဈေးနှုန်း အတက်/အကျ နှိုင်းယှဉ်ကြည့်ပါက ကျပ်(၂၀၀ မှ ၃၀၀)ခန့် မြှင့်တက်လာသည်ကို တွေ့ရှိရပြီး ကသာမြို့နယ်အတွင်း ဒေသထွက် ခရမ်းချဉ်သီး ထွက်ရှိမှုမရှိသည့်အပြင် သယ်ယူပို့ဆောင်စရိတ် (တန်ဆာခ) များမှာ ယခင်ထက် ဈေးနှုန်းမြှင့်တက်လာခြင်းကြောင့် ကုန်စည်များမှာလည်း ဈေးနှုန်းမြှင့်တက်လာရခြင်းဖြစ်ကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)