မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ဆောင်းကြက်သွန်များကို စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများ၌ စိုက်ပျိုးနိုင်ရန်အတွက် ယခုဩဂုတ်လဆန်းမှစတင်၍ ကြက်သွန်ပျိုးများကိုး စတင်ပျိုးထောင်လျက်ရှိပါသည်။ ကြက်သွန်ပျိုး(၁)ဧကလျှင် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ထွန်ရက်ခြင်း၊ ရေသွင်းခြင်း၊ ရေထုတ်ခြင်း၊ မြေဩဇာပက်ခြင်း၊ ဆေးဖြန်းခနှင့် မျိုးအပါအဝင် (၅၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုး မျိုးမှန်(၁)ပြည်လျှင် (၇၀-၈၀)ကျပ်သားကို (၂၀၀၀၀၀/-)ကျပ်နှင့် မျိုးမှား ရွှေဖလားထိပ်မောက်(၁)ပြည်လျှင် (၁၈၀၀၀၀/-)ကျပ်ဈေးနှုန်းများဖြင့် ဝယ်ယူပျိုးထောင်ရကြောင်း၊ (၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့် (၂)ပြည်ပျိုးထောင်ရကြောင်း၊ ကြက်သွန်ပျိုးထောင်သက်တမ်း (၁)လခွဲ (သို့) (၂)လအကြာတွင် စတင်စိုက်ပျိုးနိုင်ကြောင်း၊ ကြက်သွန်ဧကအများအပြားစိုက်သော တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်အကုန်အကျများသော်လည်း ကြက်သွန်များပေါ်ဦးပေါ်စတွင် ဈေးနှုန်းများကောင်းမွန်ရန်မျှော်လင့်ကြောင်း ကြက်သွန်အများဆုံးစိုက်ပျိုးသော ကသဲကုန်းကျေးရွာမှ တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)