Main menu

အင်ဒိုနီးရှားအစိုးရက ကမ္ဘောဒီးယားထံမှ ဆန်ဝယ်ယူရန် ညှိနှိုင်းလျက်ရှိ

Powered by Drupal

နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရန်ဆောင်ရွက်မှုအဖြစ် ကမ္ဘောဒီးယားနိုင်ငံထံမှ ဆန်များ ဝယ်ယူတင်သွင်းနိုင်မည့် အခြေအနေကို လေ့လာဆွေးနွေးညှိနှိုင်းရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ရပ်အား စေလွှတ်မည်ဖြစ်သည်ဟု ၁၁-၈-၂၀၂၃ ရက်နေ့၊ သောကြာနေ့တွင် ကမ္ဘောဒီးယား ၀န်ကြီးချုပ်ဟွန်ဆန်ထံ တယ်လီဖုန်းဖြင့်ဆက်သွယ်ရာ၌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားဘက်မှ ယခုကဲ့သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန် စီစဉ်မှုအပေါ်  ဝန်ကြီးချုပ်ဟွန်ဆန်က ကြိုဆိုခဲ့ပြီး အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဆန်စက်များနှင့် သိုလှောင်ရုံများ တည်ထောင်လုပ်ကိုင်ခြင်း၊ ပို့ကုန်တည်ငြိမ်မှုရှိစေရေး လယ်သမားများထံမှ စပါးဝယ်ယူမှုကွန်ရက်များ ထူထောင်ခြင်းတို့အပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် ၁၀၀ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံအစိုးရများအကြား ဆန်ဝယ်ယူမှုဆိုင်ရာ သဘောတူညီချက်များကို ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း တင်ပို့မည့်ပမာဏနှင့် ဆန်အမျိုးအစားတို့ကိုမူ အပြီးသတ်ညှိနှိုင်းပြီးစီးမှု  မရှိသေးကြောင်း သိရှိရသည်။

ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Im Rachna က ဆန်များ စုဆောင်းသိုလှောင်နိုင်ရန်အတွက် ပြည်တွင်းရှိ ဆန်စက်များ၏ စွမ်းအားကို မြှင့်တင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်မှု တိုးမြှင့်ခြင်းနှင့် နိုင်ငံတကာဈေးကွက်သို့ တိုက်ရိုက်တင်ပို့ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် အိန္ဒိယ၏ ဆန်တင်ပို့မှု တားမြစ်ခြင်းမှ အကျိုးအမြတ်ရရှိရန် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံဒေသအတွင်း မလေးရှားနှင့် ဘရူနိုင်းသို့ ဆန်တင်ပို့မှုရှိပြီး ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့မူ စပါးများတင်ပို့လျက်ရှိရာ ယခုနှစ် ဇွန်လတွင် ဖိလစ်ပိုင်နိုင်ငံသို့ ဈေးကွက်အသစ်အဖြစ် တိုးချဲ့တင်ပို့နိုင်ခဲ့သည်။

ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ အစီရင်ခံစာတစ်စောင်တွင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ဆန်တန်ချိန် ၃၂၉၆၃၃ တန်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂၂၉ သန်းခန့် ရရှိခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၅၂ နိုင်ငံသို့ ပရီမီယံ ရနံ့မွှေးဆန်၊ ဆန်မွှေး၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များ တင်ပို့ခြင်းဖြစ်ကြောင်း ဖော်ပြပါသည်။ ယခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းဖြင့် စပါးတန်ချိန် ၂.၂ သန်း တင်ပို့ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၅၇၈ သန်းခန့် ရရှိခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် စက်စွမ်းအားပြည့် လည်ပတ်ကြိတ်ခွဲပါက ၁ နှစ်လျှင် ဆန်တန် ချိန် ၂ သန်းအထိ ထုတ်လုပ်တင်ပို့နိုင်စွမ်းရှိကြောင်းနှင့် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် အနေ ဖြင့် ၂၀၂၅ ခုနှစ်တွင် ဆန်ချိန် တစ်သန်း တင်ပို့နိုင်ရန် ရည်မှန်းချက် ချမှတ်ထားကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် Yang Saing Koma က ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံအချို့က တင်ပို့ရောင်းချမှု လျှော့ချပိတ်ပင်ခဲ့သည့် နောက်ပိုင်း၌ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးတွင် ကမ္ဘောဒီးယားသည် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်လာကြောင်း၊ တည်ရှိဆဲ စိုက်ပျိုးမြေပေါ်တွင် ဆန်စပါး တိုးချဲ့စိုက်ပျိုးနိုင်သည့် အလားအလာကောင်းများရှိပြီး စိုက်ပျိုးရေးသံအရာရှိများကို တာဝန်ပေး စေလွှတ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းအသိုက်အဝန်းများ သို့မဟုတ် လယ်ယာထွက်ကုန်စာချုပ်များနှင့် ချိတ်ဆက်လုပ်ကိုင်သည့် လယ်သမားအသင်းအဖွဲ့များအား ထူထောင်ခြင်းဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုဈေးကွက်ကို ပိုမိုချဲ့ထွင်နိုင်မည် ဖြစ်ကြောင်းဖြင့် ဩဂုတ်လအစောပိုင်း၌ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ယခုနှစ် ပထမနှစ်ဝက်၌ ဒေါ်လာ ၅၉၄ သန်းရှိပြီး နှစ်အလိုက်နှိုင်းယှဉ်ပါက ၂၈% တိုးတက်လာကြောင်း ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Source: Khmer Times, 14 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)