စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်းဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ ရောင်းချနေသော အလှကုန်ပစ္စည်းများ၊ အစားအသောက်များနှင့်ဆေးဝါးများ၌ စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်မှု ရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
တောင်ငူခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်အတူ ရေတာရှည်မြို့နယ်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီဝင်ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များဖြစ်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးနန်းမိုးကျော်၊ ရေတာရှည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းနွယ်တို့ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါသည်။ ပူးပေါင်းအဖွဲ့ဝင်များသည် ရေတာရှည်မြို့၊ စည်ပင်သာယာဈေးနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများတွင်ရောင်းချနေသော အလှကုန်ပစ္စည်းများနှင့် အစားအသောက်များ၌ ခွင့်မပြုဓာတုပစ္စည်းများပါဝင်မှုမရှိစေရေးနှင့် သက်တမ်းလွန်ကုန်စည်များမဖြစ်စေရေးကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းများကိုလည်းကောင်း၊ ဆေးဆိုင်များ၌ရောင်းချနေသော အိမ်သုံး ဆေးဝါးများတွင် တရားမဝင်ဆေးဝါးများမဖြစ်စေရေးနှင့် သက်တမ်းလွန်ဆေးဝါးများမဖြစ်စေရေးကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကုန်စည်နမူနာများကိုကောက်ယူခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ပြဋ္ဌာန်းထားပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်ကို အရောင်းဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုရောင်းချခြင်းမပြုကြရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)