Main menu

ကသာခရိုင်နှင့် ကောလင်းခရိုင်အတွင်းရှိ ဆီစက်များ ပုံမှန်လည်ပတ်နေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းခရိုင်များရှိ ဆီစက်လုပ်ငန်းများသည် ယခင် နှစ် ၂၀၂၀-ပြည့်နှစ်ထက် ယခုနှစ် ၂၀၂၁-ခုနှစ် စက်တင်ဘာလမှစ၍ ပိုမိုကြိတ်ခွဲထုတ်လုပ်ရပြီး ဒေသတွင်း ဆီသန့်စားသုံးမှုမှာလည်း များပြားလာကြောင်း ဆီစက်လုပ်ငန်းရှင်များထံက သိရပါသည်။
ကသာခရိုင်တွင် ဆီထွက်သီးနှံ မိုး၊ ဆောင်း စိုက်ဧက (၃၀၀၀၀) ကျော်နှင့် ကောလင်းခရိုင် တွင် ဧက(၁၀၀၀၀) ခန့် ရှိပါသည်။ ဆီကြိတ်စက်များအနေဖြင့် ကသာခရိုင်တွင် (၁၃၀)စက်နှင့် ကောလင်း ခရိုင်တွင် (၅၆)စက် ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရပါသည်။
ဆီထွက်သီးနှံကုန်ကြမ်းထွက်ရှိမှု၊ ဆီစက်များကြိတ်ခွဲထုတ်လုပ်မှုအရ ကသာခရိုင်နှင့် ကောလင်းခရိုင်များအတွင်း ဆီလိုအပ်ချက်ကို ပြည့်မီပြီး စားသုံးမှုပိုလျှံလျက်ရှိကြောင်း သိရှိရပါသည်။ သို့ရာတွင် ဆီထွက်သီးနှံများအား တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်မားမှုကြောင့် ဒေသခံ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်ဝယ်ယူရာတွင် အခက်အခဲများ အတွေ့အကြုံများရပြီး ဆီစက်လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး ဖြစ်လာခဲ့ရကြောင်း သိရှိရပါသည်။ ဈေးကွက်တွင်း တန်ဖိုးနည်းစားအုန်းဆီများ အများအပြား ဝင်ရောက်လျက်ရှိပြီး အခြေခံလူတန်းစားများအနေဖြင့် စားအုန်းဆီကို ရွေးချယ်ဝယ်ယူစားသုံးကြပြီး ဆီသန့်ကို လူနည်းစုတစ်ရပ်ကသာ ဝယ်ယူစားသုံးမှုများလာကြသည်။ ၂၀၂၁-ခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင် စားအုန်းဆီဈေးနှုန်းမြင့်မားလာပြီး ဒေသထွက်ပဲဆီသန့်ဈေးနှုန်းနှင့် ကွာဟမှုအနည်းငယ်သာရှိသောကြောင့် အခြေခံလူတန်းစားများပင် ကျန်းမာရေးနှင့်ညီညွတ်သော ဆီသန့်ကို ဝယ်ယူစားသုံးလာနိုင်သည်ကို လေ့လာတွေ့ရှိရပါသည်။
အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဆောင်းမြေပဲထွက်ရှိပြီး ယခုနှစ်တွင် တရုတ်ဈေးကွက်သို့ မြေပဲဆံတင်ပို့မှုမရှိသည့်အတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းလုံလောက်စွာ ရရှိခြင်း၊ ဒေသတွင်းဆီသန့်စားသုံးမှု မြင့်မားလာခြင်း၊ စားအုန်းဆီဈေးနှုန်းနှင့် ဆီသန့်ဈေးနှုန်း ကွာဟမှု ကြီးကြီးမားမားမရှိခြင်း၊ ဝယ်ယူစားသုံးမှုများပြားလာခြင်း စသည်တို့ကြောင့် ဆီစက် လုပ်ငန်းရှင်များအနေဖြင့် ယခင်နှစ်များထက် ပိုမိုကြိတ်ခွဲထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
၂၀၂၁-ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် လူသုံးများသည့် စားအုန်းဆီ ၁၀ ပိဿာတစ်ပုံး ၅၅၀၀၀ ကျပ်၊ မြေပဲဆီသန့် ၁၀ ပိဿာတစ်ပုံး ၆၅၀၀၀ ကျပ်ဖြစ်သည်။ ကုန်ကြမ်းမြေပဲဆံ တစ်ပိဿာ ၂၆၀၀ ကျပ် ဈေးရရှိပြီး ပဲဆံ ၂၅ ပိဿာကြိတ်ပါက ပုံမှန်ဆီသန့် (၁၀)ပိသာရပါသည်။ ပဲဖတ်များကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တွံတေးမြို့များက အဓိကဝယ်ယူကြပြီး ပဲဖတ်တစ်ပိဿာ ၁၃၅၀ ကျပ်ဈေးရှိသည့်အတွက် ဆီပိဿာ ၁၀၀ ကြိတ် လျှင် ပဲဖတ်မှာ ၆၇၅၀၀ ကျပ် ရရှိသည်ဟု သိရပါသည်။
မြေပဲဆီသန့်ကြိတ်ရာတွင် နွားထိုးကြီး၊ မကွေး၊ ကျောက်ပန်းတောင်း၊ ချောက်၊ စလေ၊ မုံရွာ၊ ကနီမြို့များက မြေပဲဆံသည် ဆီထွက်နှုန်းကောင်းကြပြီး ချောက်မြို့၊ စလေမြို့များမှ မြေပဲဆံသည် အရည်အသွေးပါကောင်းသည်ဟု မုံရွာမြို့၊စိန်ဝေလျံဆီစက်လုပ်ငန်းရှင် ဦးအောင်ခင်ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမြင့်မားသည့်အတွက် ပြည်ပမှ စားအုန်းဆီများကို နိုင်ငံခြားငွေ ဘီလီယံနှင့်ချီ၍ ဝယ်ယူတင်သွင်းနေရကြောင်း၊ စားအုန်းဆီများကို လျှော့ချစားသုံး ခြင်းဖြင့် ကျန်းမာရေးညီညွတ်မှုရရှိနိုင်သလို ပြည်ပငွေကိုလည်း ချွေတာသုံးစွဲရာရောက်ကြောင်း နိုင်ငံ တော်အကြီးအကဲများက အသိပညာပေးလျက်ရှိသည်။
ပြည်ပသို့ မြေပဲဆံတင်ပို့မှုအား ပြည်တွင်း၌ ပိုလျှံမှသာ တင်ပို့ရောင်းချသင့်ကြောင်း၊ သို့မှသာ ပြည်တွင်းရှိ အခြေခံလူတန်းစားများ ဝယ်ယူစားသုံးနိုင်သည့် ဆီသန့် ဈေးနှုန်းဖြစ်ပေါ်နိုင်ပြီး စားအုန်းဆီ တင်သွင်းမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် စားအုန်းဆီအား မလွှဲသာ၍ စားသုံးနေရ ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဆီသန့်ကိုသာ ဝယ်ယူစားသုံးရန်ဆန္ဒရှိကြောင်း စားသုံးသူမိဘ ပြည်သူများထံမှ သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)