မိုးမြေပဲဆိုသည်မှာ မိုးဦးကျကာလမေလ(လယ်)တွင် စတင်စိုက်ပျိုးပြီး (၃)လ၊ (၃)လခွဲအချိန်တွင် ရိတ်သိမ်းဆွတ်ယူရသောမြေပဲဖြစ်သည်။ မိုးမြေပဲမှာ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးဟူ၍ (၂)မျိုးရှိပါသည်။ ပင်ထောင်မျိုးတွင်လည်း မျိုးကောင်းများစွာရှိသည့်အနက် မြေပဲဆံအဖြူရောင်နှင့် မြေပဲဆံ အနီရောင် ဟူ၍(၂)မျိုးရှိပါသည်။ မြေပဲဆံအနီရောင်ကို အရပ်ခေါ်အရဆိုရပါလျှင် ဆွန်တာနီမျိုးဖြစ်ပြီး မြေပဲဆံ အဖြူရောင်ကိုတော့ မကွေး (၁၃)၊ ရေဆင်းပဲအစရှိသဖြင့် ခေါ်ကြပါသည်။
၂၀၂၃-ခုနှစ်၊ မိုခါမုန်တိုင်းကျရောက်သည့်အချိန်မှ တောင်သူများသည် နှမ်း၊ မြေပဲများကို စတင်စိုက်ပျိုးကြရသည်။ ယခုဇူလိုင်လကုန်မှ စတင်၍ ဩဂုတ်လအတွင်း ယာမြေများတွင် စိုက်ပျိုးထားသည့် နှမ်းနှင့် မြေပဲ(ပင်ထောင်) စတင်ရိတ်သိမ်းဆွတ်ယူ၍ စျေးကွက်တွင် ပဲဈေး၊ နှမ်းဈေးကောင်းသလို ပေးချေရသည့်လုပ်အားခမှာလည်း ရောင်းဈေးနှုန်းပေါ်မူတည်၍ နှမ်း(၆)တောင်ပုံ(၁)ပုံလျှင် စည်းခ (၁၀၀၀၀-၁၂၀၀၀)ကျပ်၊ ပဲဆွတ်ခမှာလည်း (၁)တင်းလျှင် (၃၀၀၀-၄၀၀၀)ကျပ် ပေးချေနေရကြောင်း သိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ဒုတိယပတ်)တွင်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများအရ မြေပဲအတောင့်(အဖြူ) (၁)တင်းလျှင် (၁၇၅၀၀မှ ၂၃၀၀၀)ကျပ်၊ မြေပဲ အတောင့်(အနီ) (ဆွန်တာနီ) (၁)တင်းလျှင် (၃၀၀၀၀မှ ၃၃၀၀၀)ကျပ်၊ မြေပဲတောင့်အစို/အခြောက်အပေါ်မူတည်၍ ရရှိကြောင်း၊ နှမ်းဖြူ (၁)တင်းလျှင် (၁၃၀၀၀၀မှ ၁၅၀၀၀၀)ကျပ်၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် (၁၂၀၀၀၀မှ ၁၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် နှမ်းဖြူဈေးမှာ နှမ်းနက်စမုံထက် ဈေးပိုကြောင်း သိရှိရပါသည်။
DOCA(မကွေး)