ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စားသုံးသူရေးရာဦးစီးအနေဖြင့် မင်းပြားမြို့၊ မြို့မဈေးနှင့် ရပ်ကွက်အတွင်း ရောင်းချနေသောကုန်စုံဆိုင်များတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) တို့နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ပုံမှန်ဆောင်ရွက်စိစစ်လျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့၊ နေ့လယ်(၁:၃၀၀)နာရီအချိန်တွင် မင်းပြားမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးကျော်ကျော်ဝင်း(ဒု-ဦးစီးမှူး)၊ ဈေးဥက္ကဋ္ဌ ဦးထွန်းသိန်းတို့နှင့်အတူ (Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသော Sprite အမှတ်တံဆိပ်အချိုရည်နှင့်ပုံစံတူ Sprite အချိုရည်များရောင်းချနေခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ၎င်း Sprite® အချိုရည်များသည် Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ သက်ဆိုင်ရာအစိုးရဌာနများ၏ထောက်ခံချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော်လည်း ယခုအခါ ဈေးကွက်အတွင်း ယင်းကုမ္ပဏီမှထုတ်လုပ်သည့် Sprite® အမှတ်တံဆိပ် အချိုရည်နှင့်ပုံစံတူ၍ ကုန်အညွှန်းအမှတ်အသားအား ထိုင်းဘာသာဖြင့်ဖော်ပြထားခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်မပါရှိသော Sprite® အချိုရည်များရောင်းချနေကြောင်းသိရှိရသဖြင့် အဆိုပါအချိုရည်များကို ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များ၌ ၎င်းအချိုရည်များကိုရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
အချိုရည်များရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အချိုရည်များ၊ FDA ၏ ထောက်ခံချက်မရှိသော အချိုရည်များကိုရောင်းချင်းမပြုရန်၊ အတုအပသတိပြု၍ မှာယူရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်တို့ကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)