နိုင်ငံတကာဈေးနှုန်းများ၊ အခြားကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လျက်ရှိသဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း မြင့်တက်လာရာ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိစေရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိပါသည်။ အခြေခံစားကုန်များဖြစ်သော ဆန်(၁) ပြည်လျှင်လက်လီဆန်ဆိုင်များ၌ (၄၀၀၀)ကျပ်အထက်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၉၀၀၀)ကျပ်အထက် ဈေးနှုန်းများဖြစ်ခြင်းကြောင့် တဆင့်ခံကုန်ကျစရိတ်မပါ ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများတိုက်ရိုက်ရောင်းချနိုင်သည့် သင့်တင့်သောဈေးနှုန်းဖြင့် စီစဉ်ပေးလျက်ရှိပါသည်။ အခွန်လွတ်ဈေးစီစဉ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ ကိုယ်တိုင်ရောင်းချနိုင်စေရန် နေရာစီစဉ်ပေးခြင်း၊ ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ်ရောင်းချပေးခြင်း၊ ဆန်၊ဆီ၊ကြက်သွန်၊ကြက်ဥတို့ကို တစ်အိမ်ထောင်လျှင် ဝယ်ယူနိုင်သည့် ပမာဏတန်ဖိုးစုစည်း၍ ဝယ်ယူစေခြင်း နည်းလမ်းတို့ဖြင့် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဩဂုတ် ၁၉ ရက်နေ့တွင် ရေဦးမြို့၌ အာလူး(၂၅)ကျပ်သား၊ ကြက်သွန်နီ(၂၅)ကျပ်သား၊ကြက်ဥ (၅)လုံးပါ(၃)မျိုးကို ငွေကျပ်(၂၀၀၀)နှုန်း၊ကန့်ဘလူမြို့၌ ဆန်တစ်ပြည်၊ဆီ ၅ကျပ်သားနှင့် ကြက်ဥ ၂လုံးပါ (၃)မျိုးကို ငွေကျပ်(၃၀၀၀)နှုန်း၊ ကျွန်းလှမြို့၌ ဆန်တစ်ပြည်၊ ဆီ ၁၀ ကျပ်သားနှင့် ကြက်ဥ ၃လုံးပါ(၃)မျိုးကို ငွေကျပ်(၃၀၀၀)နှုန်း၊ မုံရွာမြို့၌ ဆန်တစ်ပြည် (၃၀၀၀)ကျပ်၊ စားအုန်းဆီ ၁ပိဿာ(၄၅၀၀)ကျပ်၊ ကြက်ဥတစ်လုံး(၂၅၀) ကျပ်နှုန်းဖြင့် အများပြည်သူများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ပါသည်။ထိုသို့ ဝယ်ယူရသဖြင့် ဈေးသက်သာပြီးအထောက်အပံ့ဖြစ်ကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)