ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ တုံးလှဲရွာမ၊ မူလွန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံက မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓာတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည။၊ ထို့နောက် ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် မုန့်ဆိုင်(၂)ဆိုင်ကိုစစ်ဆေးခဲ့ပြီးနောက် ဆိုင်ရှင်များအား ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်မုန့်များရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၂၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)