Main menu

ကျောက်ဖြူခရိုင်၏ စပါးစိုက်ပျိုးမှုအခြေအနေကို သုံးသပ်တင်ပြခြင်း

Powered by Drupal

   ကျောက်ဖြူခရိုင်အတွင်း စပါးစိုက်ပျိုးမှုကိုလေ့လာကြည့်ပါက မိုးကောင်းရေသောက်စပါးတစ်မျိုးတည်းကိုသာစိုက်ပျိုးကြောင်းတွေ့ရပါသည်။ခရိုင်ဧရိယာသည် ဘင်္ဂလားပင်လယ်အော်ထဲ၌ တည်ရှိသည့် ရမ်းဗြဲကျွန်းပေါ်တွင် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်(၂)ခုနှင့် စနဲ၊ လေးတောင်မြို့ (၂)မြို့ပါဝင်ပါသည်။ မိုးကောင်းစွာရရှိသော ဒေသဖြစ်သည့်အလျောက် မြေအမျိုးအစားမှာ လယ်မြေနှင့်သဲဆန်ကုန်းချောမြေတို့ဖြစ်ပါသည်။  မြေပြန့်လွင်ပြင်မရှိဘဲ တောတောင်များကြားရှိ မြေပြန့်နှင့်ဆင်ခြေချောမြေကွက်များတွင် လယ်မြေဖော်ထုတ်စိုက်ပျိုးကြရပါသည်။ မြေအနေအထားပေါ်မူတည်၍ လယ်ကွက်များဖော်ထုတ်ရသည့်အတွက် မြေကွက်ဧရိယာကျဉ်းပါသည်။ (၂၀၂၂-၂၀၂၃)ခုနှစ်၊ မိုးစပါးရာသီတွင် ကျောက်ဖြူမြို့နယ်၌ (၄၆၁၉၈) ဧက၊ ရမ်းဗြဲမြို့နယ်တွင် (၄၅၈၆၈) ဧက၊ စုစုပေါင်း (၉၂၀၆၆) ဧကစိုက်ပျိုးရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှအားဖြင့် အထွက်တင်း (၅၇.၆၁) တင်းထွက်ရှိခဲ့၍ စုစုပေါင်းတင်းပမာဏမှာ (၅၃)သိန်းကျော်ထွက်ရှိခဲ့ပါသည်။ (၂၀၂၃-၂၀၂၄)ခုနှစ်၊ မိုးစပါးရာသီတွင် ကျောက်ဖြူခရိုင်အတွင်း ဩဂုတ်လ (တတိယပတ်) အထိ (၈၅၂၉၇) ဧကကျော်စိုက်ပျိုးဆောင်ရွက်ပြီးဖြစ်ပါသည်။ ခရိုင်အတွင်း လူဦးရေ (၂၇၄၇၃၇) ကျော်နေထိုင်ကြပြီး မျိုး၊ ဝမ်းစာနှင့် အလေအလွင့်စပါးတင်းပေါင်းမှာ (၄၃) သိန်းကျော်ရှိနေသည်ကိုတွေ့ရှိရပါသည်။ ပိုလျှံစပါးတင်း (၁၀) သိန်းခန့်ရှိ၍ ဝမ်းစာဖိုလုံမှု (၁၂၀%) ကျော်ရှိပါသည်။

  ဆန်ကြိတ်ခွဲထုတ်လုပ်မှုတွင် ခေတ်မီဆန်စက်ကဲ့သို့ တည်ဆောက်လည်ပတ်ကြိတ်ခွဲခြင်းမရှိပါ။ တောနေလူထုနှင့် တောင်သူများအတွက် ဟာလာဆန်ကြိတ်ခွဲစက်များကိုတွေ့ရှိရပါသည်။ ခေတ်မီဆန်စက်နှင့် လှောင်လက်ကြီးကြီးမရှိ၍ တောင်သူများသည် ပိုလျှံသည့်စပါးတချို့ကို ရိတ်သိမ်းနည်လှေ့ပြီးချိန်တွင် ရာဘာရိုလာဖြင့် လုံးစင်ကြိတ်ခွဲပြီး မော်တော်ကားဖြင့် ပြည်မဘက်သို့ တင်ပို့ရောင်းချကြပါသည်။ ခရိုင်အတွင်းစိုက်ပျိုးသည့် စပါးများမှာ ဧည့်မထ၊ ငစိန်၊ မြီးတုံးနှင့် ရမ်းဗြဲမြို့နယ်တွင် တောင်ပျံမွေးအနည်းငယ်စိုက်ပျိုးပါသည်။ဆန်ချောကြိုက်သော မြို့ပေါ်နေလူတန်းစားနှင့် တောနေလူတချို့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ဝယ်ယူရောင်းချကြပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရွှေဘိုရခိုင်ပေါ်ဆန်း၊ ဧည့်မထနှင့် ဧရာဝတီမှ ဧရာပေါ်ဆန်း၊ ဧည့်မထဆန်များကို ရေလမ်း၊ ကုန်လမ်းဖြင့် ဝယ်ယူရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)