မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ယခုလက်ရှိ အချိန်ထိ မိုးစပါးစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၅၀၆၅၇)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၉၁၅၆)ဧက ၊ မြစ်သားမြို့နယ်တွင်(၅၇၃၈၄)ဧက ၊ စုစုပေါင်း(၁၃၇၁၉၇)ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ မိုးတွင်းကာလဖြစ်သည့်အတွက် မိုးရွာသွန်းမှုအား ကောင်းသောကြောင့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည် ။ စပါးသက်တမ်းများမှာ ရက်(၉၀)သက်ငယ်မျိုး ၊ သက်လတ်မျိုး ၁၃၀-၁၄၀ နှင့် သက်ကြီးမျိုးရက်(၁၅၀)မျိုးများကို စိုက်ပျိုး ကြပါသည် ။ တောင်သူဦးကြီးများက မိမိရေမြေဒေသနှင့်ကိုက်ညီသောမျိုးများကို ရွေးချယ်စိုက်ပျိုးကြပါသည် ။ ခရိုင်အတွင်းစိုက်ပျိုးသော မိုးစပါးမျိုးမှာ အရည်အသွေးကောင်းသော ဧရာပဒေသာ မျိုးများကို အများဆုံး စိုက်ပျိုးကြပါသည် ။ တစ်ခြားစိုက်ပျိုးသောမျိုးများမှာ မနောသုခ ၊ ရွှေမနော်၊ ရွှေသွယ်ရင် စပါးမျိုးများကိုလည်း စိုက်ပျိုးကြပါသည်။ မိုးစပါးစိုက်ပျိုးမှုတွင် နွေစပါးစိုက်ပျိုးမှုထက် ကုန်ကျစရိတ်သက်သာကြောင်း ၊ ယခုနှစ် မိုးစပါးစိုက်ပျိုးမှု့တွင် တောင်သူများမှာ ကုန်ကျစရိတ် သက်သာသော ပက်ကြဲစနစ်ကို အသုံးပြု၍ စိုက်ပျိုးလာကြပါသည်။ ယခင်နှစ် စပါးဈေးနှုန်းအနေဖြင့် ဧရာပဒေသာစပါးတင်း(၁၀၀)လျှင်(၁၅၀၀၀၀၀/)ကျပ်၊ မနောသုခစပါး တင်း(၁၀၀)လျှင် (၁၃၅၀၀၀၀/) ကျပ်ဖြစ်ပြီး ယခင်ဆန်ဈေးနှုန်းအနေဖြင့် ဧရာပဒေသာဆန် (၂၄)ပြည်တစ်အိတ် လျှင် (၆၅၀၀၀/) ကျပ် ၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၄၇၀၀၀/)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုလက်ရှိ ဧရာပဒေသာစပါးတင်း(၁၀၀)လျှင် (၃၅၀၀၀၀၀/) ကျပ် ၊ မနောသုခစပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀၀/)ကျပ်ဖြစ်ပြီး ဧရာပဒေသာဆန်(၂၄)ပြည် တစ်အိတ် လျှင် (၁၃၀၀၀၀/)ကျပ် ၊ မနောသုခ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၉၂၀၀၀/)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။ စပါးဈေး၊ ဆန်ဈေးများမှာ ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရောင်းချရသောကြောင့် မိုးစပါးများ ထွက်ပေါ်လာချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိလာနိုင်မှာဖြစ်ကြောင်း မိုးစပါးစိုက်ပျိုးသော တောင်သူဦးကြီးများ၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)