မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက် လုပ်ကိုင်သောဒေသဖြစ်ပြီး မွေးမြူရေးလုပ်ငန်းကို တွဲဖက်ပြီး လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် မွေးမြူရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်မှစီးပွားဖြစ် မွေးမြူလာကြပါသည် ။ ၄င်းလုပ်ငန်းများအနက် ဆိတ်မွေးမြူရေးလုပ်ငန်းအား သွားရောက်လေ့လာခဲ့ရာ အများစုမှာ တောင်သူလယ်လုပ်များ မဟုတ်ဘဲ ကူလီလက်လုပ်လက်စားများမှ လုပ်အားခငွေများကိုစု၍ (၂-၃)ကောင်မှစ၍ မွေးမြူကြ ကြောင်း ၊ အချို့ ချေးငွေယူ၍ မွေးမြူသူများမှာ (၁၀-၁၅)ကောင်မှစ၍ မွေးမြူကြောင်း ၊ ငွေကြေးမတတ်နိုင်သူများမှာ နေ့စားဆိတ်ကျောင်းရကြောင်း ၊ (၁)ရက်ကို (၂)ကြိမ် ဆိတ်ကျောင်းရကြောင်း၊ ဆိတ်ကျောင်းခအနေဖြင့် ဆိတ်အုပ်အကောင်ရေပေါ်မူတည်၍ (၅၀၀၀-၈၀၀၀)ကျပ်ထိပေးရကြောင်း၊ ဆိတ်မွေးရန်အတွက် တစ်ကောင်လျှင် (၆၀၀၀၀)ကျပ်ပေးပြီး မွေးမြူရကြောင်း ၊ ဆိတ်မျိုးအနေဖြင့် ရှေးအစဉ်အဆက် ဘိုးဘွားများလက်ထက်က မွေးမြူသော ချိတ်နီဆိတ်မျိုးများကိုသာ အဓိက မွေးမြူကြောင်း၊ ဆိတ်မများသည် (၁)နှစ်လျှင်(၂)သားတစ်ဗိုက်မွေးသောကြောင့် အကောင်ရေများများ မွေးနိုင်ပါက အကျိုးအမြတ်များကြောင်း ၊ ဆိတ်မအနေဖြင့် စတင် ကိုယ်ဝန်ဆောင်သောအရွယ်တွင် (၁)ကောင်သာသားပေါက်ပြီး ဆိတ်အကြီးမတစ်ကောင်လျှင် (၂)ကောင်အထိသားပေါက်ကြကြောင်း၊ အစောပိုင်းကာလများတွင် မွေးဆိတ်(၁)ကောင်လျှင် (၈၀၀၀၀-၉၀၀၀၀-)ကျပ်အထိ ရောင်းချရကြောင်း ၊ ဆိတ်ကြီးမတစ်ကောင်လျှင် (၁၀၀၀၀၀/) ကျပ် အထိ ရောင်းချရကြောင်း ၊ ယခုအပတ်အတွင်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ၊ မွေးဆိတ် (၁)ကောင်ကို ပြန်လည်ရောင်းချလျှင် (၄၅၀၀၀-၅၀၀၀၀)ကျပ်ဈေး နှင့် ဆိတ်ကြီး မတစ်ကောင် ကို (၇၀၀၀၀/)ကျပ်သာ ရောင်းချရကြောင်း ၊ ဆိတ်ဝယ်ယူသူများမှာ ခန့်မှန်းဖြင့်သာဝယ်ယူရကြောင်း၊ ဆိတ်သားဈေးနှင့်(၅၀/၆၀)ရာခိုင်နှုန်းခွာ၍ ဝယ်ယူကြောင်း ၊ ဆိတ်သားဈေးအနေဖြင့် လက်ရှိ ပေါက်ဈေး(၂၄၀၀၀/)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ ဆိတ်ရောင်းဝယ်မှုတွင် ဈေးနှုန်းကျဆင်းသော်လည်း ဆိတ်မွေးဖွားနှုန်း ကောင်းမွန်သောကြောင့် အရှုံးမရှိသော်လည်း ဈေးနှိမ်ဝယ်ယူမှုမျိုးများမရှိပါက အကျိုးအမြတ်ပိုမိုရရှိလာနိုင်ကြောင်း ၊ ဆိတ်အများဆုံး မွေးမြူသော ပျော်ရွာကျေးရွာမှ ဆိတ်မွေးမြူသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)