တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာတွင် ဘုန်းပြည့်ကျော် ငရုတ်ဆီနှင့် မန်ကျည်းမှည့် အချဉ်ရည်လုပ်ငန်းသည် မိသားစုတပိုင်တနိုင်လုပ်ငန်းဖြစ်ပြီး ဖြူးမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချရပါသည်။
မန်ကျည်းမှည့်အချဉ်ရည်ပြုလုပ်ရာတွင် ဆန် ၃ ပြည်ကို မုန့်ကြိတ်ဆုံဖြင့်ကြိတ်ပြီး အနှစ်ရအောင် ကျိုချက်ရပါသည်။ ငရုတ်သီးခြောက် ၁ ပိဿာ ၅၀ ကျပ်သားကို အမှုန့်ဖြစ်အောင် ကြိတ်ရပါသည်။ မန်ကျည်းမှည့် ၅၀ ကျပ်သားကိုလည်း ရေနွေးစိမ်ပြီး အဖတ်များကို ဖယ်ထုတ် ထားရပါသည်။
၎င်းကျိုချက်ထားသော ဆန်မုန့်နှစ်၊ ငရုတ်သီးမှုန့်နှင့် မန်းကျည်းမှည့်အရည်တို့ကို အိုင်အို ဒင်းဆား ၃ ထုပ်၊ ရှာလကာရည် ၂ ကျပ်ခွဲသား၊ ကြံပင်တံဆိပ်ရသာမှုန့်နှင့် အချဉ်မှုန့် ထမင်းစားဇွန်း ၆ ဇွန်းစီတို့ကို မီးဖိုပေါ်တွင် ရောသမမွှေပြီး အအေးခံရပါသည်။ ပြီးလျှင် ၄၅ ကျပ်သား ချိန်တွယ်ပြီး ထုပ်ပိုးပါသည်။
ဆန် ၃ ပြည် မုန့်နှစ်ကျိုလျှင် မန်ကျည်းမှည့်အချဉ်ရည် ၁၁၀ ထုပ် ရရှိပါသည်။ တစ်ထုပ်လျှင် လက်လီဈေး ၂၅၀ ကျပ်၊ လက်ကားဈေး ၂၂၀ ကျပ်ဖြင့် ဖြူးမြို့နှင့် ကညွတ်ကွင်းမြို့များသို့ တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)