စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၏ခရိုင်အတွင်းရှိ တာဝန်ရှိသူများမှလည်း စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ စားအုန်းဆီများကိုဖြန့်ဖြူးရောင်းချခဲ့သည့်အပေါ် မိမိတို့ခရိုင်၊ မြို့နယ်အတွင်း ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက် ရွှေဘိုခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်ချိတ်ဆက်၍ စားသုံးဆီရောင်းချမှုများကို ပူးပေါင်းကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဩဂုတ်လ (၂၈)ရက်၊ (၂၉)ရက်နေ့နှင့် စက်တင်ဘာလ(၁)ရက်နေ့တို့တွင် ရွှေဘိုခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရှိ ဆီကုန်သည်(၃)ဦးမှ စားအုန်းဆီတစ်ပိဿာလျှင် (၄၈၀ဝိ/-)နှုန်းဖြင့် စားသုံးသူတစ်ဦးလျှင်(၁)ပိဿာနှုန်းရောင်းချပေးလျက်ရှိကြောင်း၊ ယခုအချိန်တွင် စားသုံးဆီအမျိုးအစားအလိုက် ဈေးနှုန်းများမြင့်မားနေသည့်အတွက် စားသုံးသူပြည်သူများမှ ရောင်းချသည့်နေရာများတွင် စည်ကားသိုက်မြိုက်စွာ တန်းစီ၍ဝယ်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)