စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေတွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးရှေ့ တွင် နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါ သည်။
ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ ဆန်တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၄၆၀၀ကျပ်၊ ကြက်ဥ (၁၀) လုံးတစ်ထုပ်လျှင် ၂၀၀၀ကျပ်၊ ငုံးဥ (၂၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)