Main menu

ကြောင်ပန်းစေ့များဈေးကောင်းရသဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများရှိလာ

Powered by Drupal

    ယခု၂၀၂၃နှစ်တွင် ကြောင်ပန်းစေ့များ ဈေးကောင်းရပြီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများရှိလာကြောင်းသိရှိရပါသည်။ ယခင်နှစ်တွင် ကြောင်ပန်းစေ့အခြောက်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ခန့်သာဈေးရရှိခဲ့ပြီး ယခုနှစ်တွင် အခြောက်တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ခန့်ထိရှိလာကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သရက္ကန်အုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ တောင်သူတစ်ဦးမှာ အလေ့ကျကြောင်ပန်းပင်များကို လွန်ခဲ့သည့်(၈)နှစ်ဝန်းကျင်လောက်မှစ၍ ချောင်းကမ်းပါးဘေးရှိ သူမ၏ယာမြေများကို ချောင်းရေတိုက်စားမှုနည်းပါးအောင် ရေတားအဖြစ် စိုက်ပျိုးခဲ့ပြီး ယခုကဲ့သို့ ဈေးကွက်ဝင်လာမည်ကိုလည်းမသိရှိဘဲ သာမန်သာစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ချောင်းရိုးတစ်လျှောက် မိမိ၏ယာမြေပေါ်တွင် စိုက်ပျိုးထားရှိမှုမှာ ဧကဝက်ခန့်ရှိပြီး ယခင်နှစ်များတွင် အခင်းပြတ်လာရောက်ဝယ်ယူသူများရှိသော်လည်း (၅၀၀၀၀)ကျပ်မှ (၁၀၀၀၀၀)ကျပ်ခန့်သာရရှိခဲ့ပါကြောင်း၊ ယခုနှစ်မှ မိမိကိုယ်တိုင်ခူးဆွတ်၍ရောင်းချကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် အခြောက်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ခန့်ဖြင့် ဈေးစတင်၍ရရှိခဲ့ပြီး ဇွန်လနှင့် ဇူလိုင်လများအတွင်း တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ခန့်ထိရှိလာကြောင်း၊ မိမိ၏စိုက်ပင်များကို (၁၀)ရက် လျှင်တစ်ကြိမ်နှုန်းဖြင့် ခူးဆွတ်ရပြီး၊ တစ်ကြိမ်ခူးဆွတ်လျှင် အခြောက် (၂၀၊၂၅) ပိဿာခန့်ရရှိကြောင်း၊ ဇွန်လနှင့် ဇူလိုင်လများတွင် အထွက်နှုန်းပိုကြောင်းသိရှိရပါသည်။ မိမိ၏ဧကဝက်ခန့်ရှိ စိုက်ခင်းကို လူငှား (၄၊ ၅)ယောက်ဖြင့် ခူးဆွတ်ရကြောင်း၊ ခူးဆွတ်ပြီး ကြောင်ပန်းသီးများကို နေပူတွင်(၂)နေခန့်လှန်းရပြီး ပြန်လည်သန့်စင်ရကြောင်း၊ အစေ့အပြင် ခူးဆွတ်ရာတွင်ရောနှောပါဝင်ခဲ့သောအရွက်များမှာလည်း (အခြောက်)တစ်ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချရကြောင်း၊ ရောင်းချမှုဈေးကွက်အနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြကြောင်းနှင့် ကြောင်းပန်းပင်စိုက်ပျိုးသူများ၊ အခင်းပြတ်ဝယ်ယူသူများအနေဖြင့် ကိုယ်တိုင်သွားရောက်ရောင်းချကြသည့်အပြင် ကားပေါ် တင်ပေး၍လည်း တင်ပို့ရောင်းချကြကြောင်း၊ ရွာဘက်ဒေသဈေးနှင့် မန္တလေးဈေးမှာ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်ကွာဟမှုရှိပြီး ကားတင်ခဈေးအနေဖြင့် တစ်တင်းခွဲဝင်တစ်အိတ်လျှင် (၁၅၀၀၊ ၂၀၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပါသည်။ ယခုအခါ မိမိတို့ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ရေနှင့်နီးသည့်နေရာများနှင့် မိမိတို့၏အိမ်ခြံဝိုင်းများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများရှိလာကြောင်း၊ အပင်ကို ကိုင်းဖြတ်၍အပင်ပျိုးပြီး ရောင်းချမှုများလည်းရှိလာသောကြောင့် မိမိစိုက်ခင်းကိုလည်း လူစောင့်ငှားရမ်းထားရကြောင်း၊ ပျိုးပင်ဈေးများအနေဖြင့် (၁)ပေအရှည်ရှိ ပျိုးပင်ကိုင်းတစ်ခုလျှင် (၁၀၀၀၊၁၅၀၀)ကျပ်ခန့်ဖြင့် ရွာဘက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ကြောင်ပန်စေ့ကို တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချပြီး ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ ထုတ်လုပ်ကြောင်းနှင့် ဒေသအသီးသီး၌လည်း ဆေးဘက်ဝင်သည့်အတွက် အမျိုးမျိုးအသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။ ယခုဩဂုတ်လအတွင်းတွင် ကြောင်ပန်းစေ့အခြောက်တစ်ပိဿာလျှင် (၄၂၀၀၀)ကျပ်ခန့်ထိဈေးရှိလာပြီး ဈေးကွက်ဝင်သီးနှံဖြစ်သည့်အတွက် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)