မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးနှမ်းစိုက်ဧကမှာ (၁၇၄၆၀၅)ဧကစိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် စိုက်ဧကအားလုံးရိတ်သိမ်းပြီးစီးပြီဖြစ်ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်တင်း (၂.၉၅)တင်းနှုန်းဖြင့် တင်းပေါင်း(၅၁၄၇၅၀)တင်းထွက်ရှိခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ဒေသအနေဖြင့် နှမ်းညို (ကံရှိ) မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ နွေနှမ်းအနေဖြင့်လည်း (၁၅၀) ဧကစိုက်ပျိုးရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၁၁.၇၅) တင်းနှုန်းဖြင့် စုစုပေါင်း (၁၇၆၃) တင်းထွက်ရှိခဲ့ကြောင်းနှင့် နွေနှမ်းမှာ ဆည်ရေရရှိသည့်နေရာတချို့တွင်သာစိုက်ပျိုးနိုင်သဖြင့် စိုက်ပျိုးမှုနည်းပြီး စိုက်ပေါင်များဖြင့် စိုက်ပျိုးကြပြီး မိုးနှမ်းမှာ မိုးရေကိုသာအားပြုရပြီး ပက်ကြဲစနစ်ဖြင့်သာစိုက်ပျိုးမှုများကြသဖြင့် မိုးနှမ်းနှင့်နွေနှမ်းအထွက်နှုန်းမှာလည်းကွာဟမှုရှိကြောင်း သိရှိရပါသည်။
ယခု၂၀၂၃ခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် နှမ်းညိုတစ်ပိဿာလျှင် (၆၉၀၀) ကျပ်ရှိပြီး နှမ်းဆီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၅၅၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ခန့်ဈေးနှုန်းများရှိ၍ ယခင်နှစ်ကာလတူတွင် နှမ်းညိုတစ်ပိဿာလျှင် (၅၃၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်ဈေးများရှိခဲ့ကြောင်း သီးနှံပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)